Tuesday, May 14, 2013

ဒီပညာ ဒီစနစ် တကယ်ပြောင်းပြီလား Posted: 12 May 2013 11:01 PM PDT


(လဲ့ရည်မြင့်) The Voice Weekly

အနှစ် ၃၀ စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ပညာရေး ဝန်ကြီးဌာန၏ ပညာရေး ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ချက်များကို ၂၀၁၂ ပညာသင်နှစ် အစပိုင်းကတည်းက သိသိသာသာ တွေ့မြင်ရလျက် ရှိသည်။ အခြေခံပိုင်းနှင့် အဆင့်မြင့်ပိုင်း နှစ်ခုလုံးတွင် ဆက်တိုက်ဆိုသလို ပြောင်းလဲလုပ်ဆောင်သည် များကို တွေ့ရှိနေရပြီး မြန်မာ့ပညာရေး အမှန်တကယ် ပြောင်းလဲနေပြီလော ဟူသော မေးခွန်းကမူ ပညာရှင်များအတွက် စဉ်းစားစရာဖြစ်ခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး လုပ်ငန်းများ စတင်ခဲ့ပြီး နောက်ပိုင်း အဆင့်မြင့်ကဏ္ဍတွင် နိုင်ငံ တကာအစိုးရများ၏ အကူအညီများ၊ ပြည်တွင်းမှပညာရေး အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ နည်းပညာ၊ ငွေကြေးပိုင်း အထောက်အပံ့များ ပိုမိုရရှိလာသည်။

ယခုပညာသင်နှစ် တွင်လည်း ပညာရေး ဝန်ကြီးဌာနက ပညာရေး ပြုပြင်ပြောင်းလဲ မှုများ တိုးမြှင့်ဆောင်ရွက်နေကြောင်း အဆိုပါ အသိုင်းအဝိုင်းထံမှ သိရသည်။ ဝန်ကြီးဌာနဘက်က ပြုပြင်ရေးများကို ရေတိုရေလတ် စီမံကိန်းများ ချမှတ်ဆောင်ရွက် နေသော်လည်း ပြည်သူလူထုနှင့် ပြင်ပ ပညာရေး လေ့လာသုံးသပ်သူများ ကြိုတင် သိရှိနိုင်မှု နည်းပါးခြင်းကြောင့် ပညာရေး မြှင့်တင်ရေးတွင် လိုအပ်ချက် များစွာ ထွက်ပေါ်ခဲ့သည် များလည်း ရှိသည်။

"စစ်အစိုးရက မူဝါဒသဘောထား တွေပဲ ထားခဲ့တာ။ ပညာရေးကို ထောက်ပံ့ခဲ့တာ မရှိဘူး" ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဆိုထားသည်။

ပညာရေး ပြုပြင်ပြောင်းလဲမှုများ အမှန် တကယ်ဖြစ်လာနိုင်မည်လော၊ နိုင်ငံတကာ နှင့် ယှဉ်ပြိုင်နိုင်မည်လော ဟူသော မေးခွန်းများကို လူငယ်တိုင်း၊ မိဘတိုင်းနှင့် ပညာရှင်တိုင်းက မေးကာ သံသယမျက်လုံးနှင့် စစ်ဆေးကြည့်ရှု နေကြသည်။ နိုင်ငံတကာကဲ့သို့ ပညာသင်ကြားနည်း စနစ်နှင့် ပညာရေး စနစ်များ ရရှိနိုင်မှုရှိမရှိ၊ ပြည်ပတက္ကသိုလ် များကို ချိတ်ဆက်ကာ ကိုယ့်နိုင်ငံတွင်းမှ သင်ကြားနိုင်မှု ရှိမရှိ၊ မြန်မာ့ပညာရေးကို နိုင်ငံတကာကျောင်းများက လက်ခံမှုရှိမရှိ တို့ကို အားကိုးတကြီး မျှော်လင့်နေကြသည်။

နိုင်ငံတကာအဆင့်မီ တက္ကသိုလ်များ ဖြစ်ပေါ်လာစေရန် တက္ကသိုလ်တိုင်းကို မပြုလုပ်နိုင်သောကြောင့် အဓိက ရွေးချယ်ထားသောကျောင်း သုံး လေး ကျောင်း ကိုသာ အရည်အသွေးပိုင်းဆိုင်ရာ မြှင့်တင် ပေးမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။ တက္ကသိုလ်တိုင်းတွင် ကျွမ်းကျင်ပညာရှင်များ ထွက်ပေါ်လာစေရေး အတွက် ဆောင်ရွက်ခြင်း ဖြစ်သော်လည်း တစ်ဖက်တွင် အကြောင်းကြောင်းကြောင့် ပညာဆက်လက် မသင်ကြားနိုင်သူများ အတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားနိုင်ရန် အခွင့်အလမ်းများ ထုတ်ဖော်ပေးရန် လိုအပ်လာသည်။

ထိုနည်းတူ အခြေခံပညာရေး မြှင့်တင်မှုကို တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးတွင် တစ်ပြိုင်နက် စတင်မည် ဆိုသော ပညာရေးဝန်ကြီးဌာန၏ စီမံကိန်းများ အတွက်လည်း ဝေဖန်အကြံပြုသူများ ပေါ်ထွက်လာသည်။ မူလတန်းအဆင့် ကျောင်းသားအားလုံးကို ပြဋ္ဌာန်းစာအုပ်နှင့် လေ့ကျင့်ခန်းစာအုပ် ခြောက်အုပ်အပြင် ငွေသားတစ်ထောင် ပေးမည်ဆိုသော ပညာရေးစီမံကိန်းက လက်တွေ့တွင် ထိထိရောက်ရောက် မဖြစ်နိုင်ပါ။ မြို့နေ ငွေကြေးသုံးစွဲနိုင်သော လူတန်းစားများ အတွက် ငွေ ကျပ်တစ်ထောင်သည် တစ်ရက်မုန့်ဖိုးမျှသာ ရှိသော်လည်း ကျေးလက်ဒေသ ငွေကြေးချို့တဲ့သူများ အတွက် အလွန် အသုံးဝင်လှသဖြင့် လူတိုင်းအတွက် ပြည့်ပြည့်ဝဝ မပေးနိုင်ချိန် လိုအပ်သူများ အတွက် ဂရုပြု ဆောင်ရွက်မည်ဆိုလျှင် ပို၍အကျိုးရှိနိုင်သည်။

ပညာရေးပြုပြင်ရေးကို အစိုးရသစ်များ တက်လာတိုင်း ပြင်ဆင်ရေးဆွဲလျက် ရှိပြီး နှစ်ကြာရှည်လာသည် နှင့်အမျှ နိုင်ငံတကာ ပညာရေးနှင့် တဖြည်းဖြည်း အလှမ်း ဝေးခဲ့သည်။ ဥပမာ-အခြေခံပညာရေးတွင် ဆယ့်နှစ်တန်းပညာရေး စနစ်ကို လာမည့် ပညာသင်နှစ် များတွင် အကောင်အထည်ဖော်ရန် စီစဉ်နေချိန် အာဆီယံနိုင်ငံ များတွင် ယင်းကို လွန်ခဲ့သော ဆယ်စုနှစ်ကျော် ကတည်းက ပြဋ္ဌာန်းခဲ့ပြီး ဖြစ်သည်။ အဆင့်မြင့် ပိုင်းတွင်လည်း လွန်ခဲ့သောငါးနှစ်ကျော် ကာလအတွင်းက နိုင်ငံခြား တက္ကသိုလ်များ နှင့် ပူးပေါင်းမှု အားနည်းခဲ့ချိန်၌ နိုင်ငံတကာတွင် အပြန်အလှန် ဆက်သွယ်မှု မြန်မြန်ဆန်ဆန်နှင့် ပညာရပ်ပိုင်းများ ဖလှယ်ခဲ့ကြသည်။

"လူတွေအစမ်းခံရပေါင်း များလာပြီ။ အရင်အစမ်းခံရတဲ့ သူတွေ အခု အသက် ၅၀ ထိရှိနေပြီ။ ဆက်ပြီးတော့ သူတို့သားတွေ၊ မြေးတွေထိ ထပ်အစမ်း ခံရတော့မလား မသိဘူး" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ပြောဆိုသည်။
"အတန်းတစ်နှစ် တိုးတာနဲ့ အရည်အချင်းတိုးတာ တခြားစီပါ။ ကျောင်းသားတွေ၊ ဆရာ၊ ဆရာမ တွေ အရည်အချင်းတွေ ပြည့်ဖို့လိုတယ်" ဟုလည်း ၄င်းကဆိုသည်။

မည်သို့ပင်ဆိုစေ အစစအရာရာ နောက်ကျမှု များကို ပြန်လည် ပြင်ဆင်နေသည့် အတွက် များမကြာမီကာလတွင် အတန်သင့် မီနိုင်မည်ဟု ထင်ပါသည်။ ထိုသို့မီနိုင်ရန် လွန်ခဲ့သည့် ၂ နှစ်တာကာလ အတွင်း ပညာရေး ဝန်ကြီးဌာနနှင့် ပြင်ပ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများ၏ ပညာရေး ပြုပြင်ပြောင်းလဲမှုများကို အောက်ပါအတိုင်း သုံးသပ် ဝေဖန်နိုင်သည်။

အခြေခံပညာရေး

ယခင်အစိုးရလက်ထက်က ပညာရေးမြှင့်တင်မှုများ ဆောင်ရွက်ရန် အတွက် နှစ် ၃၀ ကြာသော ရေရှည်စီမံကိန်းကို ငါးနှစ်စီခွဲကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ယခု အချိန်ကာလသည် ပထမနှစ်တို ငါးနှစ်စီမံကိန်း၏ တတိယနှစ် ကာလဖြစ်သည်။ ပညာရေးဝန်ကြီးဌာန၏ ပထမနှစ်တို စီမံကိန်း အကောင်အထည် များသည် ၂ နှစ်တာကာလ အတွင်း သိသိသာသာ ရုပ်လုံးပေါ်လာသည်။

ရုပ်လုံးကြွလာမှုတွင် ၁၉၈၈ မတိုင်မီ ရပ်နားထားသော ကင်းထောက်လူငယ်၊ လူရည်ချွန်၊ ပညာသင်ဆုနှင့် ပညာသင် ထောက်ပံ့ကြေး အစီအစဉ်တို့ ပြန်လည် အကောင်အထည်ဖော်ခြင်း ပါဝင်ပြီး ကျောင်းသားများ အတွက်သာမက ဆရာ ဆရာမ ကဏ္ဍတွင်လည်း မူလတန်းပြ ဆရာ ဆရာမများကို သက်ဆိုင်ရာ မြို့နယ် ကျေးရွာအလိုက် ဘွဲ့ရလူငယ်များကို နေ့စား၊ လစား ဆရာများအဖြစ် ယခု ပညာသင်နှစ်တွင် စတင်ခန့်ထားရန် စီစဉ်ထားသည်။

အလားတူ ဆရာများအတွက် အရာရှိ အဆင့်တစ်ဆင့်စီ တိုးမြှင့်ခြင်း၊ မူလတန်း၊ မူလတန်းလွန်၊ အလယ်တန်း စသည်တို့ကို ကျောင်းအဆင့်များ တိုးခဲ့သည်။ မသင်မနေ ရမူလတန်း ပညာရေး အတွက်လည်း မြို့နယ်လေးမြို့နယ်တွင် သီးသန့်စီမံချက်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

တိုင်းရင်းသားဒေသများရှိ မူလတန်း ကျောင်းသားများအတွက် ထပ်ဆောင်း တိုင်းရင်းသား ဘာသာစကားများကို ကျောင်းချိန်ပြင်ပတွင် သင်ကြားခွင့်ပြုခဲ့ပြီး လက်ရှိသင်ရိုးညွှန်တမ်း များကိုလည်း အဆင့်မြှင့်သွားရန် စီစဉ်နေသည်။ အခြား ကျောင်းချိန်ပြင်ပ ပညာရေးနှင့် ပညာရေး
စီမံခန့်ခွဲမှုဆိုင်ရာ တို့အတွက် စီမံကိန်း မြောက်မြားစွာလည်း ကျန်ရှိနေသေးသည်။

ယင်းကဲ့သို့ ပညာရေးဝန်ကြီးဌာန၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ လုပ်ဆောင်နေသော်လည်း ပြည်သူများ အတွက် လက်ရှိပညာရေးကို သံသယများစွာဖြင့် ကြည့်နေဆဲပင် ရှိသေးသည်။ ကာလကြာရှည် ဗဟိုချုပ်ကိုင်မှု များစွာ၏ ပညာရေးစနစ် လက်အောက်တွင် နေထိုင်ခဲ့ရသောကြောင့်၊ အပြောင်းအလဲများတွင် ကိုယ်တိုင်ပါဝင်ခွင့် မရှိသောကြောင့်၊ ယခင်ပညာရေး အပြောင်းအလဲများ အတိုင်း ပြန်လည်ပျောက်ကွယ် သွားမည် စိုးသောကြောင့် အစရှိသည့် စိုးရိမ် မှုတို့ပေါ် မူတည်ကာ စောင့်ကြည့်နေခြင်း ဖြစ်သည်။

ပုဂ္ဂလိက ကျောင်းများအတွက် ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းပေးခဲ့သော်လည်း လက်တွေ့ လုပ်ငန်းပိုင်းတွင် ဗဟိုချုပ်ကိုင်မှု များရှိနေပြီး လုပ်ငန်းအဆင့်ဆင့် ကြန့်ကြာမှုများ ရှိနေသေးသည်၊ အဓိကလွတ်လပ်သော ပညာရေးစနစ် အသက်မဝင်သရွေ့၊ စည်းမျဉ်းစည်းကမ်း အတိုင်း ဆောင်ရွက်သော ပညာရေး စောင့်ကြည့်ရေး အဖွဲ့အစည်းများ မရှိသရွေ့ ပုဂ္ဂလိကကျောင်းများ၏ ပညာရေးစနစ်သည် အသက်ဝင်နိုင်မည် မဟုတ်ပါ။

ကျောင်းပြင်ပ ပညာရေးတွင် အကြောင်း အမျိုးမျိုးကြောင့် စာသင်ကျောင်းနှင့် ဝေးကွာ ခဲ့သူများ အတွက် ပညာဆက်လက် သင်ယူနိုင်ရေး စီမံချက်များ၊ အသက်မွေးဝမ်းကျောင်း ကောလိပ်နှင့် သင်တန်းကျောင်းများ ပေါ်ပေါက်လာရန် အမြန်ဆုံး ဆောင်ရွက်ရပါမည်။ မြန်မာနိုင်ငံတွင် စာတတ်မြောက်သူဦးရေ ရာခိုင်နှုန်း မြင့်မားသော်လည်း လုပ်ငန်းခွင် ပညာရေး၊ ကျွမ်းကျင်လုပ်သား ရှားပါးမှု သည် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးမှုများ ရှိခဲ့သည်။

သြစတြေးလျနှင့် ဗြိတိန်နိုင်ငံတို့ အပြင် နိုင်ငံတကာ အဖွဲ့အစည်းများစွာမှ ငွေကြေးနှင့် နည်းပညာဆိုင်ရာ အကူအညီဖြင့် ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေး လေ့လာသုံးသပ်ရေး လုပ်ငန်းကို ပညာရေး ဝန်ကြီးဌာနက ၂၀၁၂ ခုနှစ်တွင် စတင် လုပ်ဆောင်နေပြီး ၂၀၁၄ ခုနှစ်တွင် ပညာရေး ဝန်ကြီးဌာနသို့ အပြီးသတ်တင်သွင်းရန် စီစဉ်ခဲ့သည်။ ပြင်ပပညာရေး အဖွဲ့များ၏ အကြံပြုချက် ပူးပေါင်းပါဝင်မှုများ မရှိခဲ့ သောကြောင့် အခြားပညာရေး အဖွဲ့အစည်းများက မူဝါဒပိုင်းဆိုင်ရာ သီးသန့်တင်သွင်းရန် စီစဉ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ဝန်ကြီးဌာနများ၏ စီမံကိန်းများသည် ပြင်ပပညာရှင်များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်မှုများ အားနည်းလျက် ရှိသောကြောင့် လုပ်ငန်းတွင်ကျယ်မှုတွင် အခက်အခဲများ ရှိခဲ့ဖူးသည်။

ပညာရေးပြောင်းလဲမှုများ အမှန်တကယ် ဆောင်ရွက်နေသည်ကို ပြည်သူများ သိစေလိုလျှင် ပညာရေးဝန်ကြီးဌာန၏ ရေရှည်ရေတို စီမံကိန်းများနှင့် ပတ်သက်သော သတင်းအချက်အလက် များကို ပွင့်လင်းမြင်သာစွာ ချပြပေးရန် လိုအပ်သကဲ့သို့ ပြည်သူများ၏ လက်ရှိပညာရေးပေါ် အမြင်များ ကိုလည်း သက်ဆိုင်ရာဌာန များက နားထောင်ပေးရန် လိုအပ်သည်။

အဆင့်မြင့်ပညာရေး

မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေး အတွက် သိသာထင်ရှားသော အပြောင်းအလဲသည် တက္ကသိုလ် ဥပဒေကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး အဆိုပင် ဖြစ်သည်။ ပြီးခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့ပြီး နောက်ပိုင်း ရန်ကုန်တက္ကသိုလ် ပြုပြင်ရေး နှင့် အဆင့်မြှင့်တင်ရေး အတွက် ကော်မတီ တစ်ရပ် ဖွဲ့စည်းခွင့်ပြုခဲ့သည်။

ယင်းနောက်ပိုင်းမှ စတင်ကာ ဗြိတိန် နှင့် အမေရိကန် နိုင်ငံတို့မှ ပညာရေး လေ့လာရေး အဖွဲ့များ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှ မတ်လအတွင်း လာရောက် ခဲ့ကြသည်။ အမေရိကန်ပညာရေး အဖွဲ့ကြီး Institute of International Education (IIE) ခေါင်းဆောင်မှုနှင့် အမေရိကန် ပြည်ထောင်စုရှိ တက္ကသိုလ် ၁၀ ခုပါဝင်သော လေ့လာရေးအဖွဲ့က မြန်မာတက္ကသိုလ်များ အတွက် သင်ကြားရေးနှင့် စာကြည့်တိုက် နည်းပညာဆိုင်ရာ ထောက်ပံ့မှုများ ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ယခုနှစ်ပိုင်းအတွင်း နိုင်ငံတကာ တက္ကသိုလ်များနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးမှု တို့လည်း များပြားခဲ့ပြီး ဧည့်ပါမောက္ခ များစွာလည်း လာရောက် သင်ကြားပေးကြသည်။ သို့သော် သင်ကြားရေး သင်ထောက်ကူပစ္စည်းများ အားနည်းခြင်း၊ သင်ကြားချိန် နည်းပါးခြင်းနှင့် ကျောင်းသားများ၏ သင်ယူမှုစွမ်းရည် အမျိုးမျိုး ကွာခြားခြင်း တို့ကြောင့် ရသင့်ရထိုက်တာထက် နည်းပါးသော ပညာရပ်ပိုင်းသာ ရရှိခဲ့ကြသည်။

ထို့အပြင် လာမည့်ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ် တို့၌ အထူးပြုဘာသာရပ် အလိုက် ထူးချွန်ကျောင်းသား ၁၅ ဦးစီ လက်ခံသင်ကြားပေးမည်ဟု ပညာရေးဝန်ကြီးက ဆိုသည်။ နှစ်ပေါင်း ၂၀ ကျော်ကြာ ပထမနှစ် ဘွဲ့ကြိုတန်းများ ရပ်နားထားခဲ့သော အဆိုပါတက္ကသိုလ်များ ဖွင့်လှစ်ရန် စီစဉ်နေသော်လည်း နိုင်ငံရေး ဆူပူမှုများနှင့် ဆက်စပ်မှုများ ရှိလာမည် စိုးသောကြောင့် ကျောင်းသားဦးရေကို အနည်းငယ်သာ လက်ခံပြီး တဖြည်းဖြည်း တိုးသွားရန် စီမံခြင်းဖြစ်နိုင်ကြောင်း ပညာရှင်များက သုံးသပ်ကြသည်။

ကျောင်းသားများအတွက် ကျောင်းနေပျော်မှ ပညာသင်ကြားချင်စိတ် ထွက်ပေါ်နိုင်ပြီး ရရှိသောပညာရေး ဘွဲ့၊ ဒီဂရီများ ကိုလည်း လုပ်ငန်းခွင်နှင့် ကိုက်ညီစွာ အသုံးချ နိုင်ရန် လိုအပ်ရာ မိမိအသုံးချလိုသည့် စိတ်ဝင်စားစရာ ဘာသာရပ်ကို သင်ယူခွင့်ရရန် အရေးကြီးပါသည်။ သို့သော်လည်း တက္ကသိုလ်ဝင်ခွင့်စနစ် အမှားကြောင့် အထူးပြုဘာသာရပ် များကို ကိုယ်တိုင် ရွေးချယ်သင်ယူခွင့်မရှိ ဖြစ်ခဲ့သည်။ တက္ကသိုလ် ပညာရေးစနစ်သည် လွတ်လပ်သော အုပ်ချုပ်မှု၊ လွတ်လပ်သော ပညာရေးကိုသာ ဦးတည်သ

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...