Thursday, May 30, 2013

ကေအိုင်အိုနှင့် အစိုးရသဘောတူချက် ၇ ချက်

ကချင်လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို)နဲ့ အစိုးရအကြား နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်ရေး အပါအ၀င် အချက် ၇ ချက်ကို မေ ၃၀ ရက်ညနေပိုင်းမှာ သဘောတူလက်မှတ်ထိုးလိုက်နိုင်ပြီလို့ မြစ်ကြီးနားမြို့မှာ အဲဒီဆွေးနွေးပွဲကိုတက်နေတဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေက ဒီဗွီဘီကို လက်မှတ်ထိုးနေချိန် မေးမြန်းရာမှာ ဖြေဆိုပါတယ်။

နှစ်ဘက်တွေ့ဆုံဆွေးနွေးပွဲကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားနဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ကိုယ်စားလှယ်တွေ ရှေ့မှောက် လက်မှတ်ထိုးကြတာ ဖြစ်ပါတယ်။

ဦးလှမောင်ရွှေက “၇ ချက်အသေးစိတ်ကို ဦးရဲထွဋ်က ပြန်ပါလိမ့်မယ်။ အခုက လက်မှတ်ထိုးနေတုန်းမို့လို့။ အကြမ်းဖျဉ်းဆိုရင်တော့ နံပါတ် ၁ က နိုင်ငံတော်အစိုးရနဲ့ ကေအိုင်အိုအဖွဲ့တို့ နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားရန် သဘောတူတယ်။ နှစ်ဖက်တပ်ဖွဲ့များမှ ပစ်ခတ်မှုများလျှော့ချစဉ် နှစ်ဖက်တိုက်ပွဲများ ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းခြင်းကို ဆောင်ရွက်ဖို့ သဘောတူတယ်။ နှစ်ဖက်ကိုယ်စားလှယ်များပါဝင်တဲ့ စောင်ကြပ်ကြည့်ရှုရေးအဖွဲ့ဖွဲ့ဖို့ သဘောတူတယ်။ နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာရွှေ့ပြောင်းတဲ့ အိုင်ဒီပီတွေအတွက် ပြန်လည်ထူထောင်ရေးကိစ္စတွေကို သဘောတူတယ်။ တပ်ပိုင်းဆိုင်ရာ တပ်နေရာချထားမှုများ ဆက်ပြီးဆောင်ရွက်ကြဖို့ သဘောတူတယ်။ လိုအပ်တဲ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆောင်ရွက်နိုင်ဖို့အတွက် ကေအိုင်အိုကိုယ်စားလှယ်နဲ့ အလုပ်အဖွဲ့ တဖွဲ့ကို မြစ်ကြီးနားမြို့မှာ ထားရှိဖို့ သဘောတူတယ်။ ”

“နောက်ဆုံးတချက်ကတော့ နောက်တကြိမ်ဆွေးနွေးပွဲများတွင် ကေအိုင်အို ကိုယ်စားလှယ်များ၊ အဖွဲ့များ အပါအ၀င် လိုအပ်ပါက တခြားပုဂ္ဂိုလ်များကိုပါ ဖိတ်ကြားရန်သဘောတူတယ်။ အသေးစိတ်ကို ဦးရဲထွဋ် ထုတ်ပြန်ပါမယ်။ အခု အပြန်အလှန် လက်မှတ်လဲလှယ်နေပါတယ်။”

by ​အေး​နိုင် (ဒီဗွီဘီ)

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...