Thursday, May 30, 2013

လှိုင်သာယာ လယ်သိမ်းခံလယ်သမားတို့ လယ်လုပ်ငန်း စဝင်ပြီ Posted: 30 May 2013 01:37 AM PDT


ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ပဒံကျေးရွာအုပ်စု၊ ကျွန်လေးပဒံနှင့် ကျွန်ကြီးပဒံကျေးရွာများရှိ ဝါဝါဝင်း ကုမ္ပဏီက သိမ်းယူထားသည်ဟု လယ်သမားတို့က စွပ်စွဲနေသော လယ်မြေအချို့ပေါ်တွင် လယ်ယာလုပ်ငန်း စတင် လုပ်ဆောင်နေပြီဟု လယ်သမားတို့က ပြောသည်။

ဝါဝါဝင်းကုမ္ပဏီနှင့် လယ်သမားတို့ ၂ဝ၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် လျော်ကြေးပေးရန် သဘောတူညီမှု ရရှိခဲ့သော်လည်း လျော်ကြေးမရရှိ ခြင်းကြောင့်ဟု စွပ်စွဲကာ ယခုနှစ် မိုးရာသီတွင် လုပ်ငန်းစတင် လုပ်ဆောင်ခြင်းဟု လယ်သမားတို့က ပြောသည်။

''ပြန်ပေးမယ်လို့ ရှေ့မှာပြောခဲ့ပြီး၊ ပြန်မပေးဘူး၊ လယ်သမားတွေက လယ်မထွန်ဘဲ ထိုင်ကြည့်နေရမှာလား၊ စားဝတ်နေရေး ခက်ခဲတာပေါ့'' ဟု ပဒံကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သူ ကိုညွန့်နိုင်က ပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဝါဝါဝင်းကုမ္ပဏီဘက်သို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေ ကြားမည့်သူမှာ ပြည်ပနိုင်ငံများသို့ ခရီးသွားနေသည်ဟု တုံ့ပြန်ပြောဆိုသည်။

အဆိုပါကိစ္စတွင် လယ်သမားအရေးဆောင်ရွက်သူ ရှေ့နေဦးဝင်းချိုက ''မှန်ကန်တဲ့ တရားဥပဒေအတိုင်း ပြည်သူတွေ ဘက်က ရှိပေးသင့်တယ်၊ ဒီကိစ္စက  မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီဌာနက အရင်သိမ်းပြီးတော့ ဝါဝါဝင်းကုမ္ပဏီကို လွှဲလိုက်တာပါ'' ဟု ပြောသည်။

လယ်မြေဧကမှာ ၆၈ဝ ကျော်ရှိပြီး လယ်သမားတို့က လယ်မြေများ ပြန်လည်ရယူလိုကြောင်း ဆန္ဒထုတ်ဖော်မှုများ လည်း ရှိခဲ့သည်။ ပြီးခဲ့သည့်နှစ်က ဆန္ဒပြရာတွင် အစာငတ်ခံ၍ ရက်ပေါင်း ၄ဝ ကျော် အထိ လယ်သမားများက ဆန္ဒပြခဲ့သည်။ ဆန္ဒပြခြင်းကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီဌာနရှေ့တွင် နှစ်ကြိမ်၊ ဝါဝါဝင်းကုမ္ပဏီ ရှေ့တွင် နှစ်ကြိမ် ဆန္ဒပြခဲ့ကြသည်။

အေးအေးကျော် | by Mizzima - News in Burmese

ပဒံကျေးရွာလယ်သမားများ ဆန္ဒပြခဲ့ကြစဉ်တွေ့ ရပုံ

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...