Wednesday, May 29, 2013

ငါးနှစ်အောက်ကလေး လေးသောင်းခန့် ဝမ်းရောဂါကြောင့် နှစ်စဉ်သေဆုံး Posted: 29 May 2013 05:41 AM PDT ရန်ကုန်၊ မေ ၂၈



မြန်မာနိုင်ငံတွင် သန့်ရှင်းသော သောက်သုံးရေရရှိမှု အားနည်းသောကြောင့် အသက်ငါးနှစ်အောက် ကလေး လေးသောင်းခန့် ဝမ်းပျက် ဝမ်းလျှောရောဂါနှင့် နှစ်စဉ် သေဆုံးလျက် ရှိကြောင်း အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်၏ သမီး ဖြစ်သူ ကလင်တန်ဖောင်ဒေးရှင်းမှ ချယ်လ်ဆီး ကလင်တန်က မေလ ၂၇ ရက်နေ့ Procter & Gamble (P&G) နှင့် ကလင်တန် ဖောင်ဒေးရှင်းတို့၏ ရေခြောက်ဘီလီယံ လီတာမြောက် ရေလှူဒါန်းပွဲတွင် ပြောကြားသည်။

သန့်ရှင်းသော သောက်သုံးရေ ရရှိရေးသည် သေရေးရှင်ရေးတမျှ အရေးကြီးပြီး ကမ္ဘာပေါ်ရှိ ကလေးတစ်သန်းခန့်သည် ဝမ်းပျက်ခြင်းနှင့် ခန္ဓာကိုယ်တွင်း ရေခန်းခြောက်ခြင်းကြောင့် နှစ်စဉ် သေဆုံးနေကြကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် အမေရိကန် အစိုးရ၏ နိုင်ငံတကာ ကူညီပံ့ပိုးမှု အစီအစဉ် (USAID) က လာမည့် ၂ နှစ်အတွင်း သောက်သုံးရေရရှိမှု၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး တိုးတက်စေရန် အမေရိကန်ဒေါ်လာနှစ်သန်း ပံ့ပိုးသွားမည်ဖြစ်ကြောင်း အဆိုပါပွဲတွင်ပင် USAID က ထုတ်ပြန်သည်။

လက်ရှိအချိန်တွင် သောက်သုံးရေ ရရှိမှု တိုးတက်လာသော်လည်း လုံလောက် သောအခြေအနေ မရရှိသေးသည့်အတွက် ကျန်းမာရေးထိခိုက်သူ များစွာကျန်ရှိနေကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ဒီမှာ ရာသီဥတု အပြောင်းအလဲကြောင့် ရေကောင်းရေသန့် မပြောနဲ့ ရေရဖို့တောင် မနည်း ရုန်းကန်နေရတယ်” ဟု World Vision ၏ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး အဖွဲ့၏ ဒါရိုက်တာ ဦးဝင်းဇင်ဦးက ပြောဆိုသည်။

နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ယခုနှစ် နွေရာသီ၌ ရေရှားပါးမှု အခက်အခဲများ ပိုရင်ဆိုင်ခဲ့ ရသည်။

The Voice Weekly


0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...