Monday, May 27, 2013

မန်းရွှေမြို့တော်ခရီးသည်ယာဉ် တိမ်းမှောက်၊ ၁၁ ဦး သေဆုံး Posted: 26 May 2013 12:37 AM PDT တောင်ငူ၊ မေ ၂၅



ခရီးသည် ၃၀ ခန့် တင်ဆောင်လာသော ရန်ကုန်မှ မန္တလေးသို့ ပြေးဆွဲသည့် မန်းရွှေမြို့တော် အဝေးပြေးခရီးသည်ယာဉ် သည် မေလ ၂၅ ရက် နံနက် ၅ နာရီ မိနစ် ၃၀ က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၂၅/၃ နှင့် ၁၂၅/ ၄ အကြား ကိုးကွေ့တံတား ချဉ်းကပ်လမ်းတွင် အရှိန်လွန်တိမ်းမှောက်ခဲ့ရာ ခရီးသည် ၁၁ ဦးသေဆုံးခဲ့ကြောင်း ဗောဓိကုန်း အမြန်လမ်း ရဲစခန်း ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

မန်းရွှေမြို့တော် ခရီးသည်ယာဉ်သည် ရန်ကုန်မြို့မှ မန္တလေးသို့အသွား ကိုးကွေ့တံတား ချဉ်းကပ်လမ်း၌ အရှိန်လွန်ပြီး လမ်းလယ်ကျွန်းတုံးများကို ဝင်တိုက်ရာမှ တစ်ဆင့် တံတား
လက်ရန်းကို ကျော်ကာ ခရီးသည်ယာဉ် ထက်ပိုင်းကျိုး၍ ပက်လက်လန် တိမ်းမှောက် ခဲ့ကြောင်း အဆိုပါရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ၏ ကနဦး စစ်ဆေးချက်အရ သိရှိရသည်။

သံဃာတစ်ပါးနှင့် အသက် ၁၀ နှစ် ခန့် ကလေးငယ်တစ်ဦး အပါအဝင် အမျိုး သားခြောက်ဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ၁၁ ဦးသေဆုံးခဲ့ကြောင်း ဖြူးမြို့နယ် ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က အတည်ပြုပြောကြားသည်။

"သေဆုံးနေတဲ့သူတွေကို ချောင်းထဲမှာ တွေ့ရသလို တချို့က သွေးသံရဲရဲနဲ့ ထိုင်နေသူတွေ ကိုလည်း တွေ့ရတယ်။ သွေးတွေကြားကနေ အရေးပေါ် ရှေးဦးသူနာပြုစုဖို့ လိုသူတွေကို ချက်ချင်း ပြုစုပေးပြီး ဖြူးဆေးရုံကို ပို့ပါတယ်" ဟု အမြန်လမ်း ၁၁၅ မိုင် အရေးပေါ်ရှေးဦး သူနာပြုစခန်းမှ တာဝန်ခံသူနာပြု ဆရာမ ဒေါ်သန်းသန်းမြင့်က ပြောကြားသည်။

ခရီးသည်ယာဉ်သည် ရန်ကုန်မှ ၁၀၅ မိုင်အထိ ကောင်းမွန်နေသော်လည်း ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားသည့်နေရာတွင် ကားဘီးပေါက်သံ ကြားရပြီး လမ်းလယ်ကျွန်းများကို တိုက်ကာ တံတားပေါ် တက်ခဲ့သည်ကိုသာ မှတ်မိကြောင်း တိမ်းမှောက်ခဲ့သည့် ခရီးသည်တင်ယာဉ် ပေါ်လိုက်ပါလာသူ သက်တော် ၂၁ နှစ်ရှိ သံဃာတော်အရှင်ဇနကက မိန့်ကြားသည်။

ခရီးသည်တင် ယာဉ်ပေါ်တွင် ရန်ကုန်မြို့မှ လိုက်ပါလာသော ခရီးသည်စုစုပေါင်း ၂၁ ဦးကိုသာ သိရှိရသော်လည်း လမ်းကြုံ ခရီးသည်များ ပါဝင်ပါက ၃၀ ခန့်ရှိနိုင်ကြောင်း ဖြူးမြို့အမြန်လမ်း ယာဉ်ရပ်နား စခန်းမှ လိုက်ပါလာသူ အသက် ၂၀ အရွယ် ဦးကျော်ဇင်မင်းက ဆိုသည်။

"ဆေးရုံမှာ အတွင်းလူနာ ၁၃ ဦး ရှိပါတယ်။ အမေရိကန်နိုင်ငံသား ခရီးသည် က ညှပ်ရိုးကျိုးပြီး လက်ပြင်ပြုတ်သွားတယ်။ သူ့ကိုဖြူးဆေးရုံကနေ ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ပါပြီ" ဟု ဖြူးမြို့နယ် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ရှင်းပြသည်။

အဆိုပါ အမေရိကန်နိုင်ငံသားကို သက်ဆိုင်ရာသံရုံးကို အကြောင်းကြားထားပြီး ဆေးရုံပြောင်းရွှေ့ ပို့ဆောင်လိုက်ကြောင်း ဗောဓိကုန်းအမြန်လမ်း ရဲစခန်း စခန်းမှူး ရဲအုပ်ကျော်သန်းက ပြောကြားသည်။
"ယာဉ်မှောက်တာက လမ်းကြောင့် လုံးဝမဟုတ်ပါဘူး။ မောင်းလာတဲ့ယာဉ်ရဲ့ တာယာပန်းက မရှိတော့ပါဘူး။ ဘီးအပေါက်မှာ လမ်းလယ်အုတ်ခုံတွေကို တိုက်ပြီး ညာကြောက တံတားပေါ်တက် တယ်။ ယာဉ်ထက်ပိုင်းကျိုးပြီး ပက်လက် လန်သွားတာပါ။ သူတို့လမ်းမှာလည်း ဘီးပေါက်ခဲ့တယ်လို့လည်း ကြားတယ်" ဟု ရန်ကုန်-မန္တလေးအမြန်လမ်း အင်ဂျင် နီယာမှူးကြီး ဦးမျိုးမြင့်က ရှင်းပြသည်။

ယာဉ်ပေါ်တွင် လိုက်ပါလာသူနှင့် သေဆုံးဒဏ်ရာရရှိသူ များ၏ အသေးစိတ် အချက်အလက်များကို စုံစမ်းစစ်ဆေးလျက်ရှိပြီး ယာဉ်မောင်းသီဟအောင်ကို ပုဒ်မ ၃ဝ၄ (က)/၃၃၇/၃၃၈ဖြင့် အမှု ဖွင့်ထားကြောင်း အုတ်တွင်းမြို့နယ် ဗောဒိ ကုန်းအမြန်လမ်း ရဲစခန်းထံမှ သိရှိရသည်။

ခရီးအကွာအဝေး စုစုပေါင်း ၃၅၈ မိုင်ရှိသည့် ရန်ကုန်-မန္တလေး လေးလမ်းသွား အမြန်လမ်းမကြီးကို ၂၀၀၅ ခုနှစ်တွင် စတင် ဖောက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်-နေပြည်တော် အမြန်လမ်းပိုင်းကို ၂၀၀၉ ခုနှစ် မတ်လတွင် လည်းကောင်း၊ နေပြည်တော်-မန္တလေး အမြန်လမ်းပိုင်းကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၉ ရက်တွင်လည်းကောင်း ဖွင့်လှစ်ခဲ့သည်။

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းတွင် ဖြစ်ပွားသော ယဉ်မတော်တဆမှု များကြောင့် စတင်ဖွင့်လှစ်သည့် အချိန်မှ ၂၀၁၂ ခုနှစ် စက်တင်ဘာလ အချိန်ထိ လူ ၂၀၀ကျော် သေဆုံးခဲ့ရကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

The Voice Weekly

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...