Friday, June 7, 2013

နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏ (ညောင်ခါးရှည်)



မောင်စိန်ဝင်း (ညောင်ခါးရှည်)
မြန်မာတို့၏ ဆိုရိုးစကားတွင် ''နွယ်မြက်သစ်ပင် ဆေးဖက်ဝင်'' ဟူသော ဆိုရိုးစကား ရှိပါသည်။
ဗုဒ္ဓဘုရားရှင် လက်ထက် သမားတော်ကြီး ဇီဝကက ဆေးဖက်မဝင်သော အပင်ဟူ၍ မရှိကြောင်း ပြောခဲ့ပါသည်။ အစာ လည်းဆေး၊ ဆေးလည်း အစာဟူသော စကားအတိုင်း နွယ်မြက်သစ်ပင်တိုင်း ဆေးဖက်ဝင်သည် မှန်သော်လည်း အပင်နှင့် ဆေးလောကအကြောင်း သိသူမှသာ အသုံးချနိုင်မည် ဖြစ်ပါသည်။ ကျွမ်းကျင်သူတစ်ဦး အနေဖြင့် အစာလည်း ဆေး၊ ဆေးလည်း အစာဖြစ်ပါသည်။ မသိသူကျော်လွှား၍ သိသူဖော်စားဆိုသော စကားအတိုင်း ဖြစ်ပါသည်။
ကမ္ဘာမြေပေါ်တွင် ရှင်သန် ပေါက်ရောက်သော အပင်အမျိုးမျိုး ရှိပါသည်။ ထိုအပင်အမျိုးမျိုးတွင်မှ လူသားတို့ အစာအာဟာရ အတွက်အသုံးဝင်သော သီးပင်စားပင်များ များစွာ ရှိနေပါသည်။ သီးပင်စားပင် များစွာတွင် ထပ်မံ၍ နှစ်ရှည်ပင်၊ ရာသီပင်ဟူ၍ ခွဲခြားနိုင်ပါသည်။ နှစ်ရှည်ပင်မှာ တစ်ခါစိုက်ပျိုးရုံနှင့် သက်တမ်းရှည် ကြာစွာ စားသုံးနိုင်သော အပင်များဖြစ်ပြီး ရာသီပင်ကမူ သက်တမ်းတို၍ ရာသီ အလိုက်စိုက်ပျိုးရသော အပင် များဖြစ်ပါသည်။ မည်သို့ပင် ရှိစေကာမူ သစ်သီးဝလံ ပန်းမန်တို့သည် ကမ္ဘာ့လူသားတို့ အတွက် မရှိမဖြစ် အရာများဟု ဆိုနိုင်ပါသည်။
နွယ်ပင်ဆိုသည်မှာ မိမိ၏ အကိုင်းအခက် အရွက်များဖြင့် အခြားအပင်များ၊ ဆူးချုံများ၊ စင်များအပေါ်တွင် ရစ်ပတ် တွယ်တက်လျက် ရှင်သန်သော အပင်များ ဖြစ်ပါသည်။ နွယ်ပင်တွင် ဆင်တုံးမနွယ်၊ ကင်ပွန်းချဉ်၊ ဆူးပုပ်၊ ငရုတ်ကောင်း၊ ကွမ်းပင်ကဲ့သို့ နှစ်ရှည်ပင်များ ရှိသကဲ့သို့ ဘူး၊ ဖရုံ၊ ကင်းပုံ၊ ကန်စွန်းကဲ့သို့ ရာသီပင် များလည်း ရှိပါသည်။ ကင်ပွန်းချဉ်၊ ဆူးပုပ် စသည့် နှစ်ရှည် အပင်တို့ကို အကိုင်းအခက်များ၊ အညွန့်များ ဖြတ်တောက်ပေးခြင်းဖြင့် ရာသီစားပင်ကဲ့သို့ အသုံးပြုနိုင်ကြောင်း တွေ့ရပါသည်။ ထိုနွယ်ပင်တို့သည် လူသားတို့ အတွက် အာဟာရ ဖြစ်စေသော ဆေးဖက်ဝင် အပင်များဖြစ်ပါသည်။ မြက်ပင်ကို မြန်မာ့ဝေါဟာရ အဘိဓာန်၌ ''များသောအားဖြင့် ခေါင်းပွပင်စည်ရှိ၍ အဆစ်၊ အမျက်တို့မှ ရှည်လျားသော အရွက်၊ အတံ စသည် ထွက်တတ်၍ အလေ့ကျပေါက်သော သက်တို မြစ်ပွားပင်မျိုး (စပါး၊ ပြောင်း၊ ကျူ၊ ကြံ၊ ဝါး၊ သက်ငယ်၊ ဂျုံ) စသည်တို့သည် မြက်မျိုး အပါအဝင် ဖြစ်သည်''ဟူ၍ ဖော်ပြထားပါသည်။ လူသားတို့၏ အာဟာရအတွက် အဓိက စားသုံးသီးနှံပင်များ ဖြစ်၍ ဆေးဖက်ဝင်သည်မှာ အထူးပြောရန် မလိုတော့ပါ။
ဤနေရာတွင် ဆေးဖက်ဝင် ကင်းပုံပင်နှင့် ပတ်သက်၍ တင်ပြလိုပါသည်။ ကင်းပုံပင်သည် အလွန်စိုက်ပျိုးရ လွယ်ကူသော အပင်တစ်မျိုး ဖြစ်ပါသည်။ အစေ့မှ သော်လည်းကောင်း၊ ပင်စည်အကိုင်းအခက်မှ သော်လည်း ကောင်း စိုက်ပျိုးနိုင်ပါသည်။ အချိုမျိုးနှင့် အခါးမျိုးဟူ၍ ရှိပြီး အခါးမျိုးက ပို၍ဆေးဖက်ဝင်ကြောင်း သိရပါ သည်။ စိုက်ပျိုးစ ကာလတွင် ရေပုံမှန် လောင်းပေးရုံမှလွဲ၍ အပင်ကြီးထွားလာသည့် အခါ ရေလောင်းရန် သိပ်မလိုသော အပင်ဖြစ်ပါသည်။ အနီးအနားရှိ အပင်များ၊ ချုံများပေါ်သို့ တွယ်တက်ပြီး အသီးသီးသော အပင် ဖြစ်သဖြင့် အချို့ဒေသများ၌ ခြံစည်းရိုးတွင် လေကာပင် အနေဖြင့် စိုက်ပျိုးကြပါသည်။ အညာဒေသ ကဲ့သို့ ရေရှားပါးသော ဒေသများတွင်လည်း ဖြစ်ထွန်းကြောင်း တွေ့ရပါသည်။
ကင်းပုံပင်သည် ပဉ္စငါးပါး အသုံးဝင်သော အပင်ဖြစ်ပါသည်။ သလိပ်ရွှင်ခြင်း၊ ချောင်းဆိုးပျောက်ခြင်း၊ သန်ကောင်၊ တုတ်ကောင်များ ကျစေခြင်း၊ နားကိုက်ရောဂါ၊ အရေပြားပေါ်တွင် ဖြစ်သော ရေယုန်ကဲ့သို့သော အနာနှင့် အပူနာများကို ပျောက်ကင်းစေပါသည်။ ကင်းပုံရွက် သတ္တုရည်ကို ဆီးချိုဝေဒနာရှင်များအား ကုသနိုင်ကြောင်း သိရပါသည်။ အထူးသဖြင့် နို့မထွက်သော မိခင်များ ကင်းပုံသီးကို ချက်စားပါက နို့ထွက် စေပါသည်။
အချုပ်အားဖြင့် ကင်းပုံပင်သည် တစ်ခါစိုက်ပျိုးရုံဖြင့် နှစ်ရှည် စားသုံးနိုင်သော အပင်မျိုးဖြစ်ပါသည်။ အရွက်၊ အညွန့်တို့ကို ဟင်းချို၊ ဟင်းခါး အဖြစ်လည်းကောင်း၊ ကြော်ချက်၍ လည်းကောင်း စားသောက်နိုင်သည်။ ကင်းပုံသီးကို ဟင်းချက်၍ လည်းကောင်း၊ အချိုသီးကို သုပ်၍ လည်းကောင်း၊ အသီးနုများကို အတို့အမြှုပ် အနေဖြင့် လည်းကောင်း အမျိုးမျိုး စားသုံးနိုင်သဖြင့် ဆေးဖက်ဝင်သော ကင်းပုံပင်အား စိုက်ပျိုးထားပါက ရာသီမရွေး ကျန်းမာရေးအတွက် အထောက်အကူ ပြုစေနိုင်ကြောင်း ရေးသားတင်ပြ အပ်ပါသည်။    ။

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...