Sunday, June 30, 2013

ကျောက်ဖြစ် ရုပ်ကြွင်း ငှက်


                                                       
Rate this item
(0 votes)
ဦးတိုး (တက္ကသီလ)
လွန်ခဲ့သည့် နှစ်ပေါင်း သန်း ၁၅ဝ က တောကျီးကန်း အရွယ် သတ္တဝါတစ်ကောင်ကို သူ၏ သစ်ကိုင်းနားခိုရာ သို့ ပြန်တင်ပေးနိုင်ပြီ ဖြစ်ကြောင်း လေ့လာမှု အသစ် တစ်ရပ်အနေဖြင့် တင်ပြလိုက်သည်။
အဆိုပါငှက်ကို ARCHAEOP TERYX (arh-kee-AHP-teh-rihx) ''အာကီးအပ်-တီရာဇ်''ကို အစောဆုံး သိရှိရသည့်ငှက် ဟု ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ် ပေးခဲ့ကြသည်။ လွန်ခဲ့သည့် နှစ်နှစ်ခန့်က တရုတ် သိပံ္ပပညာရှင်များက ဆင့်ကဲ ပြုပြင်ပြောင်းလဲ လာသည့် ငှက်မိသားစု ဇယားမှ ''ငှက်'' အခွဲ မဟုတ်ကြောင်း အကြံပြုတင်ပြ ခဲ့ဖူးသည်။ ၎င်းသည် ငှက်ကဲ့သို့သော ဒိုင်နိုဆော သတ္တဝါ အဖြစ် အနီးဆုံး ဆက်စပ်မှုသာ ရှိသည်ဟု ကောက်ချက် ဆွဲချခဲ့သည်။ ယခု အခါတွင် Royal Belgian Insrtitute of Natural Sciences သည် နိုင်ငံ တကာအဖွဲ့ကို ဦးဆောင်ပြီး Archaeop Teryx ကျောက်ဖြစ်ရုပ်ကြွင်းကို ငှက်တစ်ကောင် အဖြစ် တကယ်ပင် ယူဆသင့်သည်ဟု ယုံကြည် နေပေသည်။
အဆိုပါ ကျော်ကြားခဲ့သည့် ကျောက်ဖြစ်ရုပ်ကြွင်းကို ၁၈၆၁ ခုနှစ်တွင် ဂျာမနီ နိုင်ငံ၌ တွေ့ရှိခဲ့ရပြီး ချက်ချင်း ဆင့်ကဲ ပြောင်းလဲမှု၏ အမွှန်းတင်ခံ တစ်ခုဖြစ် လာခဲ့ရပေသည်။ Archaeopteryx တွင်ငှက်ကဲ့သို့ အစိတ်အပိုင်း များနှင့် တွားသွား သတ္တဝါကဲ့သို့ အစိတ်အပိုင်းများ နှစ်မျိုးစလုံး ထူးခြားသော ကြန်အင် လက္ခဏာများ အဖြစ်ပါရှိ နေပေသည်။ ငှက်တစ်ကောင် ကဲ့သို့သော အမွေး အတောင်များ ရှိသည့် ကျယ်ပြန့် သော တောင်ပံများဖြင့် ကြော့ရှင်း လှပနေပြီး ၎င်းတွင် ခြေသည်းသုံးချောင်း၊ ချွန်ထက်သော သွားများနှင့် ရှည်လျားသော အရိုးဆက် ကလေးများ ပါရှိသည်။ အမြီးရှည်ကြီးတစ်ခု ပါရှိသော ဒိုင်နိုဆော တစ်ကောင် ကဲ့သို့ ဖြစ်သည်။ ငှက်များ၏ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်တွင် လွန်ခဲ့သည့် နှစ် ၂ဝ ခန့်က တရုတ်ပြည် အရှေ့ မြောက်ပိုင်း၌ အမွေးတောင်များနှင့် ကျောက်ဖြစ် ရုပ်ကြွင်းများ ကို တွေ့ရှိရသဖြင့် Archaeopteryx ၏ နေရာကို စိန်ခေါ်မှု ဖြစ်လာခဲ့သည်။
နောက်ဆုံး တွေ့ရှိချက်များမှ နေ၍ Archaeopteryx ကို အကောင်း ပကတိအတိုင်း တွေ့ခဲ့ရ၍ ငှက်များဖြင့် ပိုမိုနီးစပ်ပြီး ဆင်တူကြောင်း ညွှန်းဆို ပြသ နေပေသည်။ ယခင်က မသိရှိသေးသော ဒိုင်နိုဆောကို Auronis Xui ဟု နာမည်မှည့် ခေါ်ခဲ့သည်။ ၎င်း၏ အရိုးစုကိုလည်း အကောင်းပကတိအတိုင်း ရှိနေသည်ကို တွေ့ရှိခဲ့ ရသည်။ ၎င်းသည် Jurassic ခေတ် အလယ်ပိုင်းတွင် တရုတ်ပြည်၏ လီယာအိုနင်း ပြည်နယ် (Liaoning province) တွင် အသက်ရှင် နေထိုင်ခဲ့ကြောင်းနှင့် အဆိုပါ ဒေသ၌ ရှေးဦးငှက်များနှင့် အမွေးအတောင်ပါ ဒိုင်နိုဆောများ လှည့်လည် ကျက်စား သွားလာ နေခဲ့ကြသည်ဟု ဆိုသည်။
ဘဲလ်ဂျီယန် သုတေသန ပညာရှင် ပါစကယ်လ် ဂေါ့ဒီဖရော့ (Pascal Goddroit) နှင့် သူ၏ အဖွဲ့သားများ သည် နောက်ဆုံး တွေ့ရှိခဲ့သည့် ဒိုင်နိုဆော၏ ကျောက်ဖြစ်ရုပ်ကြွင်း ခန္ဓဗေဒကို ငှက်အမျိုးမျိုးဖြင့် လည်းကောင်း၊ ဒိုင်နိုဆောများဖြင့် လည်းကောင်း နှိုင်းယှဉ်လေ့လာကာ သူတို့၏ ဆက်နွှယ်မှုကို ဆုံးဖြတ်ရန် ဆောင်ရွက်ခဲ့သည်။ Archaeopteryx  ကျောက်ဖြစ်ရုပ်ကြွင်းမှ ထိုသတ္တဝါကို ငှက် အမျိုးအစားတွင် ပြန်လည် ထည့်သွင်းကြောင်း မေ ၃ဝ ရက်ထုတ် Nature ဂျာနယ်တွင် ရေးသား တင်ပြထားသည်။ သိပံ္ပပညာရှင်များ၏ ခွဲခြားစိတ်ဖြာ လေ့လာချက်သည် အလွန် စိတ်ဝင်စားဖွယ်ရာ ကောင်းကြောင်း အိုဟိုင်းယိုး တက္ကသိုလ်မှ ငှက်များ၏ ဆင့်ကဲ ပြောင်းလဲမှု အကြောင်း ကျွမ်းကျင်သော ပညာရှင် လောရင်းဝတ်တနာ (Lawrence Witner) က ပြောကြားခဲ့သည်။ သို့သော်လည်း ဤကျောက်ဖြစ် ရုပ်ကြွင်းတို့၏ မိသားစု ဆင်းသက်လာပုံ တို့ကို ဆက်လက်၍ အဖြေထုတ်ယူ ရဦးမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ''အမွေးအတောင်ပါ ဒီသတ္တဝါတွေ တောင်ပံခတ် ပြေးလွှား နေကြတာဟာ အားလုံးလိုလို ဆင်တူ နေကြပါတယ်''ဟု ၎င်းက ပြောကြားသည်။



0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...