Monday, June 17, 2013

ခြင်အန္တရာယ် ကင်းဝေးရေး ပြည်သူအားလုံး ပူးပေါင်း ဆောင်ရွက်



ကိုတင်မောင်ဦး (အလုံ)
ခြင်ဆိုသော စကားကို ကြားလိုက်ရသည်နှင့် လူအများစုသည် စိတ်ညစ်သွားကြ ပါတယ်။
မှန်ပါသည်။ ခြင်ကိုက်ခြင်းကြောင့် သွေးလွန်တုပ်ကွေး ရောဂါ၊ ငှက်ဖျား ရောဂါ၊ ဆင်ခြေထောက် ရောဂါများ ဖြစ်ကြရ ပါသည်။ နေအိမ်၊ ရုံးခန်းအတွင်း ခြင်တစ်ကောင် ရှိနေပြီဆိုလျှင် တဝီဝီနှင့် အလွန်ပင် စိတ်ညစ်စရာ ကောင်းလှပါ သည်။ ခြင်ကိုက်ခံရပြီ ဆိုလျှင်တော့ ကြာလျှင်ရောဂါရပြီး အသက်အန္တရာယ်ပါ ဆုံးရှုံး သွားနိုင်သည်။
ခြင်အမျိုးအစား သုံးမျိုး ရှိပါသည်။ အေးဒီးစ်ခေါ် ခြင်ကျား ကိုက်ခြင်းကြောင့် သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်နိုင်သလို၊ အနောဖလိခြင် ကိုက်ခြင်းကြောင့် ငှက်ဖျားရောဂါ ဖြစ်နိုင်ပြီး၊ ခြင်ပုန်း ကိုက်ခြင်းကြောင့် ဆင်ခြေထောက်ရော ဂါ ဖြစ်တတ်ပါသည်။ မည်သည့်ခြင် ကိုက်ကိုက် ခြင်ကိုက်ခံရပြီ ဆိုရင်တော့ ရောဂါ ဖြစ်ပွားမှာ သေချာပါသည်။
ခြင်ကိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ရောဂါများ အနက်မှ ယခုလို မိုးဦးကျ ရာသီတွင် ခြင်ကျား ကိုက်ခြင်း ကြောင့် သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်တတ်ပါသည်။ သွေးလွန်တုပ်ကွေးသည် ယခင်ငါးနှစ်အောက် ကလေးများမှာသာ ဖြစ်လေ့ရှိပြီး ယခုအခါ လူကြီးများတွင်လည်း ဖြစ်ပွား လာပါသည်။ အသက် ၁၅ နှစ် အောက် ကလေးများတွင် အများဆုံး ဖြစ်ပွားလေ့ ရှိပါသည်။ တစ်နှစ်ပတ်လုံး ကူးစက်နိုင်ပြီး တောရောမြို့ပါ ဖြစ်ပွားနိုင်သော ရော ဂါ ဖြစ်ပါသည်။
သွေးလွန်တုပ်ကွေး ရောဂါ လက္ခဏာများမှာ နှစ်ရက်မှ ခုနစ်ရက်ခန့် အပြင်းဖျားခြင်း၊ ပျို့အန်ပြီး ကိုယ်ခန္ဓာ တွင်အနီစက် များ ထွက်လာခြင်းတို့ ဖြစ်သည်။ ဖျားနေစဉ် သုံးရက်မှငါးရက်အတွင်း သွေးလန့်သည့်လက္ခဏာများ ဖြစ်ပေါ်လာပါက အသက်အန္တရာယ် ရှိနိုင်သည်။
သွေးလွန်တုပ်ကွေး ရောဂါ မဖြစ်ပွားစေရန် အတွက် မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်း၊ ရွာတိုင်း၊ အိမ်တိုင်းတွင် ပိုးလောက် လမ်း နှိမ်နင်းရေး လုပ်ငန်းများကို ပြည်သူများအားလုံး ပါဝင် ဆောင်ရွက်ခြင်းဖြင့် ကာကွယ်ရ ပါမည်။ ခြင် နှိမ်နင်းရေး သည် ခြင်ကောင်ဖြစ်မှ နှိမ်နင်းခြင်းထက် ပိုးလောက်လမ်းဘဝတွင် နှိမ်နင်းခြင်းဖြင့် သွေးလွန် တုပ်ကွေး ရောဂါကို ပိုမို လွယ်ကူထိရောက်စွာ ကာကွယ်နိုင်မည်။ ရေကြည် ရေသန့်များ ဖြစ်သည့် ရေအိုး၊ ရေ ခွက်၊ ရေစည်၊ ညောင်ရေအိုးများကို လဲလှယ် ပေးရမည်။ အသုံးပြုနေသော ရေစည်များကို အဘိတ်ဆေး ခတ်ပေး ရမည်။ ဆေးမှုတ်ခြင်း လုပ်ငန်းနှင့် နေ့ဘက် တွင် ခြင်မကိုက်စေရန် သတိပြုနေထိုင် ရပါမည်။ ဖုံး၊ သွန်၊ လဲ၊ စစ် ခြင်နှိမ်နင်းရေး စနစ်ဆိုသလို ခြင်ကျားများ မပေါက်ဖွားအောင် ဆောင်ရွက်ရ ပါမည်။ ရေမသွန်နိုင်သည့် အုတ်ကန်၊ ရေစည်၊ ရေကန်များတွင် ပိုးလောက်လမ်းစား ငါးသို့မဟုတ် အဘိတ် ဆေးခတ်ခြင်း ဆောင်ရွက်ရပါမည်။
အနောဖလိခြင် ကိုက်ခြင်းကြောင့် ဖြစ်ပွားတတ်သော ငှက်ဖျားရောဂါ အကြောင်း ဆက်လက်တင်ပြ လိုပါသည်။ အနောဖလိခြင်က ငှက်ဖျားရောဂါ ပိုးရှိသောလူ၏ သွေးကိုစုပ်ယူပြီး အခြားသူ တစ်ယောက်ကို ကိုက်သည့် အခါ အကိုက်ခံရသူထံသို့ ရောဂါပိုး ရောက်ရှိသွားပြီး လူ၏သွေးနီဥများကို ဖျက်ဆီးပါသည်။ ထိုအချိန်တွင် အဖျား ဝင်လာ ပါသည်။
အနောဖလိ ခြင်သည်လည်း ရေသန့်၊ ရေရှင်ရှိရာ နေရာများတွင် ပေါက်ဖွားလေ့ရှိပြီး ရေပုပ်၊ ရေသိုးထဲတွင် မပေါက်ဖွားပါ။ တောတောင် စိမ့်စမ်းဒေသရှိ မြက်ပင်၊ ဗေဒါပင်တို့ရှိသော ရေကမ်းစပ်များ၌ ပေါက်ဖွားသည်။ ထို့ကြောင့် ငှက်ဖျားရောဂါသည် တောတောင် ဒေသများတွင် အဖြစ်များလေ့ ရှိပါသည်။
ငှက်ဖျားရောဂါ ကာကွယ်ရန်အတွက် ခြင်ပေါက်ဖွားရာ နေရာများကို ရှင်းလင်းပစ်ပါ၊ ညဘက်တွင် ခြင်မကိုက် စေ ရန် ခြင်ထောင် လုံခြုံစွာဖြင့် အိပ်ပါ၊ တောတက်သည့်အခါ ငှက်ဖျားရောဂါ ကာကွယ်ဆေး ကြိုတင် သောက်ထားရပါမည်။
ဆက်လက် တင်ပြလိုသောခြင်မှာ ခြင်ပုန်း ဖြစ်ပါသည်။ ခြင်ပုန်းဟု ခေါ်ဆိုခြင်းမှာ ထိုခြင်သည် အမှောင်ထဲ တွင်သာ နေလေ့ရှိပြီး ညဘက်တွင် ကိုက်သော ခြင်ဖြစ်ပါသည်။ ရေပုပ်၊ ရေသိုး၊ မသန့်ပြန့်သော ရေများ တွင် ခြင်ဥပြီး ပေါက်ဖွားလေ့ ရှိပါသည်။ ၎င်းခြင် အကိုက်ခံရပြီဆိုလျှင် ဆင်ခြေထောက်ရောဂါ ဖြစ်ပွားလာမှာ ဖြစ်ပါသည်။
အချုပ်အားဖြင့် ဆိုရသော် ခြင်ဆိုလျှင် မည်သည့်ခြင် ကိုက်ကိုက် လူကိုဒုက္ခပေးမှာ ဖြစ်ပါသည်။ ယခုလို မိုးဦးကျ ရာသီတွင် ခြင်များပေါက်ဖွားလေ့ ရှိသောကြောင့် ခြင်နှိမ်နင်းရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် အတွက် ရန်ကုန် အနောက်ပိုင်းခရိုင် ခရိုင်အဆင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပေး ဆွေးနွေးပွဲ အခမ်းအနားကို ဇွန် ၇ ရက် မွန်းလွဲ ၁ နာရီက အလုံမြို့နယ် ခန်းမတွင် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အနောက်ပိုင်းခရိုင် အတွင်းရှိ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေး ရာအဖွဲ့များ၊ ကြက်ခြေနီ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများအား သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ် နှိမ်နင်းရေး အသိပညာပေး ဟောပြောပွဲ ကျင်းပနိုင်ခဲ့ သဖြင့် အနောက်ပိုင်းခရိုင် အတွင်းရှိ  လုပ်သားပြည်သူ အပေါင်းတို့သည် ခြင်ကိုက်ခြင်းမှ ကင်းဝေးစေရန် အတွက် ရှောင်ရန်၊ ဆောင်ရန်အချက် များကိုသိရှိပြီး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းမှ ကင်းဝေး မှာ ဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရ ပါသည်။   ။

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...