Tuesday, June 25, 2013

Tuesday, June 25, 2013 နောက်ကြောင်းပြန် မလှည့်ရန် တာဝန်ယူကြောင်း ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များ ကတိပြု


နေပြည်တော်၊ ဇွန် ၂၄

ရခိုင်ပြည်နယ် ပဋိပက္ခအရေး၊ တိုင်းရင်းသား လက်နက်ကိုင်များ အရေးနှင့် ဘာသာရေး အသွင်ဆောင် ပဋိပက္ခ အချို့ကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီး နောက်ကြောင်း ပြန်လှည့်နိုင်ကြောင်း ဝေဖန်ခံနေရ ချိန်တွင် မြန်မာ့နိုင်ငံရေး နောက်ကြောင်း ပြန်မလှည့်စေရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တာဝန်ယူကြောင်း ယင်းပါတီဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။

နေပြည်တော်တွင် ဇွန်လ ၂၄ ရက် နေ့၌ ကျင်းပသည့် ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီ အစည်းအဝေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ မတည်ထောင်ခင်ကတည်းက ဒီမိုကရေစီစနစ်ကို လိုလိုချင်ချင်ဖြင့် ကြိုးစား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပါတီထဲမှာ နောက်ကြောင်း ပြန်မယ့် သူတွေ ရှိခဲ့ရင်တောင် ပြန်မလှည့်နိုင်အောင် ကာကွယ်မယ်။ မလုပ်နိုင်အောင် လုပ်ရမယ်” ဟု ၎င်းကဆိုသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အနေနှင့် ရှေ့တွင် မည်သို့ ကောင်းအောင် ဆက်လက် ဆောင်ရွက်ရမည်ကိုသာ စဉ်းစားနေပြီး နိုင်ငံနှင့် ပြည်သူအတွက် မည်သို့ ကောင်းအောင် ဆောင်ရွက် ရမည်ကိုသာ အစဉ်တစိုက် ဦးတည်နေကြောင်း ဦးဌေးဦးက ပြောကြားသည်။

မြန်မာ့နိုင်ငံရေး နောက်ကြောင်းပြန် မလှည့်ရန် ပြည်ခိုင်ဖြိုးပါတီတွင် အဓိက တာဝန်ရှိပြီး ပြည်သူများနှင့် နောက်ကြောင်း ပြန်လှည့်စေရန် ပြောဆိုနေသူများတွင်လည်း တာဝန်ကြီးကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းက ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ် တစ်စောင်နှင့် တွေ့ဆုံစဉ် ပြောကြား ထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံစဉ် မိမိတို့ အစိုးရအဖွဲ့ အနေနှင့် နောက်ကြောင်း ပြန်လှည့်မည် မဟုတ်ကြောင်း ကတိပြု ပြောကြားထားသည်။

တိုင်းရင်းသား လက်နက်ကိုင် ပြဿနာများ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေခြင်း၊ တရားဥပဒေ စိုးမိုးမှု မရှိခြင်း၊ အစိုးရက အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် မီဒီယာများကို ထိန်းချုပ်ဆောင်ရွက်ခြင်း၊ အစိုးရအပေါ် ပြည်သူများ ယုံကြည်မှု အားနည်းခြင်း၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ အားနည်းခြင်း၊ လတ်တလော ဖြစ်ပေါ်နေသောကြောင့် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးစ ဒီမိုကရေစီမှာ နောက်ကြောင်း ပြန်လည်သွားနိုင်ကြောင်း အနောက်နိုင်ငံ အချို့မှ ပညာရှင်များနှင့် ပြည်ပရောက် အင်အားစုများက သုံးသပ် ဝေဖန်နေကြသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တပ်မတော်အစိုးရ၏ ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်သော ဗိုလ်ချုပ်ကြီးဟောင်းများဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...