Monday, June 24, 2013

Time မဂ္ဂဇင်း ဖော်ပြချက် မြန်မာအစိုးရကန့်ကွက်

Time မဂ္ဂဇင်းရဲ့ “The Face of Buddhist Terror” ဆိုတဲ့ ဆောင်းပါးဟာ ဗုဒ္ဓဘာသာတစ်ခုလုံးကို အကြမ်းဖက်မှုနဲ့ ယှဉ်တွဲပြီးတော့ မြင်သွားစေနိုင်တဲ့အတွက် ကန့်ကွက်တဲ့အကြောင်း နိုင်ငံတော်သမ္မတရုံးက ဇွန်လ ၂၄ ရက်နေ့စွဲနဲ့ ကြေညာပါတယ်။ အဲ့ဒီဆောင်းပါးဟာ ပဋိပက္ခဆိုင်ရာ သတင်းဆောင်းပါး ရေးသားဖော်ပြတဲ့နေရာမှာ လိုက်နာသင့်တဲ့ အချက်တွေနဲ့ မကိုက်ညီဘဲ ပြည့်စုံတဲ့ ဆောင်းပါးတစ်ပုဒ် မဟုတ်ဘူးလို့ ဝေဖန်တာရှိသလို ဒီဆောင်းပါးကြောင့် နားလည်မှု လွဲသွားနိုင်ဖွယ်ရှိတဲ့ ကမ္ဘာ့ လူထုကို ပြန်ပြီး ရှင်းလင်းတဲ့ ဆောင်းပါးမျိုးတွေ ထွက်လာအောင် တိုက်တွန်းချင်တယ်လို့ ပြောဆိုတာလည်း ရှိပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
 
ဇူလိုင်လ ၁ ရက်နေ့ထုတ် Time မဂ္ဂဇင်း အတွဲ ၁၈၂၊ အမှတ် ၁ မှာပါတဲ့ “The Face of Buddhist Terror” ဆိုတဲ့ ဆောင်းပါးနဲ့ပတ်သက်ပြီး ပြည်တွင်း ပြည်ပက မြန်မာလူထုအကြား အချေအတင် ပြောဆိုဆွေးနွေးတာတွေ အပြင်းအထန် ရှိနေချိန်မှာပဲ နိုင်ငံတော်သမ္မတရုံး ကလည်း ဆောင်းပါးကို ကန့်ကွက်တဲ့အကြောင်း ကြေညာလိုက်တာပါ။ အဲ့ဒီ ကြေညာချက်နဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။
 
“အဓိကကတော့ အဲ့ဒီဆောင်းပါးမှာပါတဲ့ ရေးသားချက်၊ အထူးသဖြင့် မျက်နှာဖုံးမှာ အသုံးပြုတဲ့ စာသားက ဗုဒ္ဓဘာသာတစ်ခုလုံးကို အကြမ်းဖက်မှုနဲ့ ယှဉ်တွဲပြီးတော့မှ မြင်သွားစေနိုင်တယ်။ နောက်တခါ ဒီလိုမျိုး ရေးခြင်းအားဖြင့် ကျနော်တို့ ဒီပြည်တွင်းမှာလုပ်နေတဲ့ ဘာသာပေါင်းစုံကြားမှာ နားလည်မှု တစုံတရာ အနှောင့်အယှက် ဖြစ်စေနိုင်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က အဲ့ဒါကို ကန့်ကွက်တယ်ဆိုပြီးတော့ ပြောတာဖြစ်ပါတယ်။”
 
ဒီဆောင်းပါးမှာ အဓိက ပစ်မှတ်ထားပြီး ရေးသားဖော်ပြထားတာကတော့ မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်က ဆရာတော် ဦးဝီရသူပါ။ ဦးဝီရသူဟာ မူဆလင် မုန်းတီးရေးဝါဒကို ဖြန့်ချိပြီး ပဋိပက္ခတွေဖြစ်အောင် သွေးထိုးလှုံ့ဆော်တဲ့ပုံမျိုး ရေးထားပါတယ်။
 
ဒီဆောင်းပါးကိုရေးသူက ဟန်နာ ဘိခ်ျ (Hannah Beech) ဖြစ်ပြီး ဆောင်းပါးကို ရေးသားတင်ပြထားပုံက လှပေမဲ့ ပဋိပက္ခ အခြေအနေဆိုင်ရာ သတင်းဆောင်းပါး ရေးသားတင်ပြတဲ့အခါမှာ လိုက်နာသင့်တာတွေနဲ့ မကိုက်ညီသလို ပဋိပက္ခကို ပိုပြီး တွန်းပို့တဲ့ဘက် ရောက်သွားတာ သေချာတယ်လို့ သုံးသပ်သူက မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းရဲ့ ဒုတိယဥက္ကဋ္ဌ ဦးသီဟစောပါ။
 
“တကယ်ဆိုလို့ရှိရင် ဟိုဘက်ဒီဘက်မျှအောင်ပေါ့နော် တကယ့် မင်္ဂလာရှိတဲ့ မူဆလင်တွေဘက်က ကြည့်မယ်ဆိုရင် သူတို့ကရော အဲ့သလိုမြင်သလားပေါ့။ နောက်တခုက ရှင်းရှင်းပြောရရင် ကျနော်တို့ဆီမှာ မူဆလင်ဆိုတာ ရခိုင်နဲ့ မိတ္ထီလာမှာပဲ နှစ်နေရာမှာပဲ ရှိတာမဟုတ်ဘူး။ တပြည်လုံးမှာ ရှိတာ။ ကျန်တဲ့နေရာတွေမှာရော ဘယ်လိုနေကြသလဲ။ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေနဲ့ မူဆလင်တွေကြားမှာပေါ့နော်။ အဲ့ဒီ Angle လေး သူက စုံအောင်မယူထားဘူး။ သူက ကျဉ်းလွန်းတာပေါ့။”
 
ဦးဝီရသူ ဟောပြောတာတွေ၊ လုပ်ရပ်တွေ၊ အယူအဆတွေနဲ့ပတ်သက်လို့ လုံးဝ သဘောတူတာမျိုးမဟုတ်ဘဲ ဒီဆောင်းပါး ခေါင်းစဉ်နဲ့ ရေးသားချက်တွေဟာ ဗုဒ္ဓဘာသာ ယုံကြည်သက်ဝင်သူတွေကို ထိခိုက်စေတယ်လို့ မြန်မာနိုင်ငံ သတင်းထောက်များ သမဂ္ဂက ဦးဇော်သက်ထွေးကလည်း မြင်ပါတယ်။ ဒါကြောင့်လည်း ဒီဆောင်းပါးကြောင့် အမြင်စောင်းသွားဖွယ် ရှိသူတွေအတွက် ဗုဒ္ဓ၀ါဒနဲ့ပတ်သက်ပြီး အမှန်အတိုင်းမြင်အောင် ပြန်လှန် ရေးသားကြဖို့ သူက ဆန္ဒရှိပါတယ်။
 
“ကျနော်တို့ ဗုဒ္ဓဘာသာ ကျနော်တို့ သိထားတာက မေတ္တာတရားကို ရှေးရှုပြီး သည်းခံတတ်တဲ့ ဘာသာလို့ သိထားတယ်။ ဒီလို တွေ့လိုက်ရတဲ့အခါကျတော့ ကျနော် နည်းနည်း ပူစပ်ပူလောင်ဖြစ်သွားတယ်။ ဒါကိုတော့ ကျနော်တို့က ပြန်ပြီးတော့ ရှင်းလင်းချေပလိုတဲ့ ဆန္ဒရှိပါတယ်။ အဓိကကတော့ ကျနော်တို့ ဘာသာတရားရဲ့ Content ကို ကျနော်တို့က နိုင်ငံတကာက ပြည်သူလူထုတွေ သိအောင် ရှင်းပြချင်တာပေါ့။ ဒီလိုမျိုး ကျနော်တို့က တယောက်နဲ့တယောက် လက်စားချေဖို့ အမုန်းတရားတွေ ပွားများဖို့ နောက်ပြီးတော့ တယောက်နဲ့တယောက် မပတ်သက် မဆက်နွယ်ဘဲနဲ့ ကျနော်တို့ပဲ သီးခြား လူမျိုးစုချည်းပဲ ထူထောင်ဖို့ ဟာမျိုးတွေ ဗုဒ္ဓဘာသာမှာ ရှိမထားဘူး။ အဲ့ဒါတွေအားလုံးကို ဒီဆောင်းပါးကြောင့် နားလည်မှု လွဲသွားတဲ့ ကမ္ဘာ့ပြည်သူ ပြည်သားတွေကို ပြန်လည်ပြီးတော့ ရှင်းရှင်းလင်းလင်း မြင်စေလိုတဲ့ဆန္ဒ ရှိပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ရှင်းလင်းတဲ့ ဆောင်းပါးတွေ ပေါ်ထွက်လာဖို့ တိုက်တွန်းအားပေးသွားမယ်လို့ ကျနော်တော့ အဲ့လိုမျိုး စိတ်ကူးရှိပါတယ်။”
 
ဦးဝီရသူ ဟောပြောပို့ချတဲ့ တရားဓမ္မတွေဟာ ဗုဒ္ဓ သင်ကြား ဟောပြောခဲ့တာတွေနဲ့ မကိုက်ညီဘူးလို့ မြင်သူတွေအနေနဲ့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ဆီ တင်ပြ လျှောက်ထားသင့်တယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောပါတယ်။
 
“ဥပမာ - သံဃာ့မဟာနာယကအဖွဲ့လိုမျိုး ရှိတာပဲလေ။ သူတို့အနေနဲ့ ဒီလို ပြောမယ့်အစား အကျိုးအကြောင်းနဲ့ ဒါမျိုးကို သံဃာ့မဟာနာယကအဖွဲ့ကို လျှောက်ထားလို့လည်း ရတယ်ပေါ့။ သံဃာ့မဟာနာယကအဖွဲ့ကနေပြီးတော့ ဒါ ဘာသာရေးဆိုင်ရာ ရှုထောင့် ဗုဒ္ဓ အဆုံးအမတွေနဲ့ နှိုင်းယှဉ်ပြီးတော့မှ သူတို့ဘက်က သဘောထား မှတ်ချက် ပေးရင် ပေးမှာပေါ့။ ဒါပေမဲ့ လူတွေက ဒီ Facebook မှာသာ ပြောနေကြတာ အဲ့လို သံဃာ့မဟာနာယကအဖွဲ့တို့ကို ဘယ်သူမှ ပြောတယ်လို့ ကျနော်တော့ မကြာသေးဘူး။”
 
ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ ဘာသာခြား အမျိုးသားတွေနဲ့ လက်ထပ်ထိမ်းမြားတဲ့အပေါ် ကန့်သတ်ချက်တွေ ချမှတ်ထားတဲ့ မျိုးစောင့်ဥပဒေမူကြမ်းဆိုတာကို ဥပဒေအဖြစ် ပြဌာန်းနိုင်ဖို့ ဦးဝီရသူနဲ့ သံဃာတချို့က ကြိုးစားနေတာကြောင့် ကန့်ကွက်သံ အတော်များများ ထွက်နေချိန်မှာပဲ Time မဂ္ဂဇင်းပါ ဆောင်းပါးကိစ္စ ပေါ်လာတာပါ။
 
တကယ်ကတော့ Time မဂ္ဂဇင်းပါ ဆောင်းပါးကို လက်ခံသူတွေရော လက်မခံသူတွေပါ ရှိနေတာဖြစ်ပြီး အများအားဖြင့်တော့ Facebook လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အပြန်အလှန် ရေးသား ဆွေးနွေးနေကြတာ
တွေ့ရပါတယ်။ မျိုးစောင့်ဥပဒေဆိုတာကို သဘောမတူသူတွေ ကြားထဲမှာတောင် Time မဂ္ဂဇင်းပါဆောင်းပါးကို လက်မခံသူတွေရှိနေတာကို တွေ့ရပါတယ်။

အဲ့ဒီ Time မဂ္ဂဇင်းရဲ့ မျက်နှာဖုံးနဲ့ ဆောင်းပါးကို ကန့်ကွက်တဲ့အနေနဲ့ ဖျက်သိမ်းပေးဖို့ မြန်မာနိုင်ငံသားတစ်ဦးကနေပြီး Online ပေါ်ကနေ လက်မှတ်ပေါင်း ၅ သောင်း စုဆောင်းနေတယ်လို့ သိရပါတယ်။ အခုအချိန်မှာ လက်မှတ်တွေ ၄ သောင်းခွဲ ရရှိနေပြီလို့ ဆိုပါတယ်ခင်ဗျာ။
Time Cover

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...