Saturday, June 8, 2013

Saturday, June 8, 2013 ပြည်ပဆန်တင်ပို့မှုဆိုင်းငံ့မည်ဟု MAPCO ဆို ရန်ကုန်၊ ဇွန် ၇



လက်ရှိပြည်တွင်းဆန်ဈေးနှုန်းမြင့်တက်နေသည့် အနေအထားအရ ပြည်ပ ဆန်တင်ပို့မှုကို မြန်မာ့လယ်ယာစီးပွားအများပိုင် ကော်ပိုရေးရှင်း (MAPCO) ကုမ္ပဏီအနေဖြင့် ယာယီအားဖြင့်ဆိုင်းငံ့ထားမည်ဟု ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားသည်။

လတ်တလောပြည်တွင်း၌ ဆန်ကြမ်းဈေးနှုန်းမြင့်တက်နေပြီး ပြည်ပ တွင်လည်း ထင်သလောက် ဈေးမရဖြစ်နေချိန်တွင် ပြည်တွင်းဈေးကွက် အနေအထား ထိန်းညှိပေးရန် ဆန်တင်ပို့ခြင်းကို ကုမ္ပဏီအနေဖြင့် နှစ်လ ခန့် ဆိုင်းငံ့ထားမည်ဟု ၎င်းက ဆိုသည်။

ဒေသတွင်း နိုင်ငံအချို့တွင် ဆန်ဈေးများမြင့်တက်လာချိန်တွင် ၎င်းတို့ အစိုးရက ထိန်းညှိကြီးကြပ်မှုများ လုပ်ဆောင်သော်လည်း လက်ရှိ အစိုးရ၏ ဆောင်ရွက်မှုများ မတွေ့မြင်ရသေးဟု ၎င်းက ဆိုသည်။

လက်ရှိပြည်တွင်း ဆန်ဈေးကွက်တွင် ပြည်ပတင်ပို့သည့် ၂၅ မှတ်ဆန် ၁၁၀ ပေါင် တစ်အိတ် ၁၅,၅၀၀ ကျပ်ခန့်ရှိပြီး ပြည်တွင်း ၂၅ မှတ်တစ်တန် အမေရိကန်ဒေါ်လာ ၄၃၀ ခန့်ရှိနေ၍ MAPCO က ဆန်တင်ပို့မှုကို ပြည်တွင်း ဆန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ရပ်ဆိုင်းခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန် စပါး အသင်းချုပ်တွဲဖက်အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောကြား သည်။

လက်ရှိဆန်ဈေးသည် နှစ်လအတွင်း ကျမည့်အနေအထားမရှိဘဲ ဆက်လက် မြင့်တက်ရန်သာရှိ၍ ပြန်လည် တင်ပို့မည်ဆိုလျှင်လည်း စပါးပေါ်ချိန်မှသာ ဖြစ်နိုင်မည်ဟု ဒေါက်တာစိုးထွန်းက ပြောကြားသည်။

ဆန်ဈေး နှစ်လခန့် စောတက်ရသည့် အကြောင်းအရင်းတွင် ဆန်ကြမ်းများ ကားနှင့်သာမက ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေးကို အလုံးအရင်း ဆန်တက်ပြီး တရုတ်နယ်စပ်သို့ တင်ပို့ခဲ့ခြင်းလည်း ပါဝင်ကြောင်း၊ တစ်ရက် လျှင် အိတ် ၃၀,၀၀၀၊ ၄၀,၀၀၀ ကြား တင်ပို့ခဲ့ကြောင်း ဘုရင့်နောင် ပွဲရုံ ပိတောက်လမ်းရှိ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

တောင်သူများ လက်ထဲ စပါးမရှိချိန်တွင် ဆင်းသွယ် စပါးအကြမ်း တင်း ၁၀၀ ကျပ်လေးသိန်းရှစ်သောင်း၊ သီးထပ်နွေစပါး တင်း ၁၀၀ လေးသိန်းလေးသောင်း၊ စပါးအချော ဘေးကြားတင်း ၁၀၀ ခုနစ်သိန်းခွဲ ခန့်ရှိကြောင်း ပုသိမ်မြို့မှ ဆန်စက်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

"ခုဖြစ်နေတဲ့ စပါးဈေးက ဆယ်နှစ်လောက်အတွင်းမှာ အမြင့်ဆုံးပဲ" ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ဆန်တင်ပို့မှုသည် ၄၆ နှစ်အတွင်း အမြင့်ဆုံး ဖြစ်ပြီး တန်ချိန် ၁ ဒသမ ၆ သန်းကျော် တင်ပို့ထားသည်။

The Voice Weekly

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...