နေရာတိုင်းတွင် အချိန်မရွေး၊ရာသီမရွေး
ထွက်ရှိ နေသော သီးနှံမှာ ဘူးသီးပင် ဖြစ်သည်။ လူမျိုးမရွေး၊ ဘာသာမရွေး၊
ဆင်းရဲချမ်းသာ မရွေး စားသုံးနိုင်သော ဘူးသီးကို ဘူးသီး ချဉ်ရည်ဟင်း၊ ဘူးသီး
ဟင်းချို၊ ဘူးသီး ငါးပေါင်းကြော်၊ ဘူးသီးဟင်းခါး စသည်ဖြင့် ချက်စားကြ သည်။
ကြော်စားကြသည်။
ဘူးသီးပင်ကို အစိမ်းမျိုး၊ အဖြူမျိုး၊
အစိမ်းနှင့် အဖြူ ကွက်ကျားမျိုး ဟူ၍ ခွဲခြားကြသည်။ အသီး၏ ပုံသဏ္ဌာန်က
နေရာဒေသ မြေအနေအထား အရ ဘူးသပိတ်၊ ဘူးလည်လှ၊ ဘူးရှည်စက၊ ဘူးရှည်၊
ဘူးရေမှုတ်နှင့် ဘူးခါးသီး ဟူ၍ ကွဲပြားနေသည်။
ဘူးခါးသီးက ခါးသော အရသာ ရှိသည်။
ဘူးခါးသီး၏ အသားကို ဆေးအဖြစ် အသုံးပြုပြီး အခွံကို ရေဘူး၊ မီးဖိုချောင်
ပစ္စည်း ထည့်ရန်ခွက်၊ ဖော့အဖြစ် အသုံးပြုသည်။
ဘူးပင်ကို နေရာ ဒေသတိုင်းတွင်
စိုက်ပျိုးရန် လွယ်ကူပါသည်။ ဘူးစေ့ကို ရေတွင် တစ်ရက်ကြာမျှ စိမ်ပြီး
မြေဆွေး၊ သစ်ရွက်ဆွေး တို့တွင် ကျင်းပြုလုပ်၍ အပေါ်ယံ မြေဆွေး
ပါးပါးပြန်အုပ်၊ ရေလောင်းထားရသည်။ ဘူးပင်မှ အညွန့်ထွက်၍ ပေါက်သော အခါ
အမြစ်ရင်းတွင် ကောက်ရိုးဆွေးများ အုပ်ပေးရသည်။ ဘူးပင်၏ အမြစ်ကို မြေကျပ်
မသွားစေရန် မြေဆွ ပေးရသည်။ သဲနုမြေ၊ သစ်ရွက်ဆွေးမြေတို့ ရောစပ်သော မြေ၌
စိုက်ပျိုးက ပိုမို ကောင်းမွန်သည်။ ဘူးမြစ် ကျယ်ကျယ် ပေါက်နိုင်အောင်
ရေလောင်း ပေးရသည်။ မြေဆီ ဓာတ်မြေသြဇာ သုံးရသည်။ အရွက်နှင့် အပင်ကို
အားပြုစေသော သာကူ ဓာတ်မြေသြဇာကို ကျွေးရသည်။ အသီးသီး ချိန်၌ ဘူးပွင့်
အဖိုပွင့်များ ပွင့်လာပါက စူပါ ဖော့စဖိတ် ဓာတ်မြေသြဇာ ကျွေးရသည်။
ဘူးပင်စိုက်ရာ မြေသည် ကုန်းမြင့် ရေဝပ်ဒေသ
ဖြစ်ရမည်။ သစ်သားပေါင်တွင် မြေဆွေးထည့်၍ သဲဆတူ ရောစပ်ပြီး ဘူးခင်း
ပြုလုပ်ရသည်။ မြန်မာ့ ဟင်းလျာ ဘူးသီး ဘူးသီးအချိုနှင့် အခါးဟူ၍
နှစ်မျိုးခွဲခြားကြသည်။ အရသာနှင့် စွမ်းရည်ကို မူတည်၍ ဘူးသီးကို ဆေးပညာ
မှတ်တမ်း ပြုစုကြသည်။ အိမ်ရှင်မများ စိတ်ကြိုက် တွေ့ပြီး မိသားစု အားလုံး
ခံတွင်းတွေ့စေသော အစာ အာဟာရ ဖြစ်သည်။ အသွေးအရောင် ကွဲပြား သော်လည်း
ဂုဏ်သတ္တိမှာမူ အတူတူပင် ဖြစ်ပါသည်။ ဘူးသီးပင်မှ အသီးနှင့် အရွက်နှစ်မျိုး
စလုံး အသုံးဝင်သည်။ ချိုသည်။ ဆိမ့်သည်။ အေးသည်။ လေကို ပွားစေသည်။ နှလုံးကို
အကျိုးပြုသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများကို အထောက်အပံ့ ဖြစ်စေသည်။
သည်းခြေကြောင့် ဖြစ်သော ရောဂါ၊ သလိပ်ကြောင့် ဖြစ်သော ရောဂါ များကို
ပြေပျောက် စေနိုင်စွမ်းသည်။ ဘူးပင်ကို စားပင်အဖြစ် ကျေးလက် ဒေသများတွင်
စိုက်ပျိုးကြသည်။
ဘူးခါးသီးက ဘူးပင် ကဲ့သို့
နွယ်မျိုးဖြစ်သည်။ အသီးလုံးသည်။ အသီးအရွယ်မှာ အညှာဘက်သို့ သေးသွားသည်။
အရွက်များ ဝေဖြာသည်။ ဘူးခါးသီးက အသီးကို သုံးရသည်။ ခါးသော အရသာ၊ အေးသော
အရသာတို့ဖြင့် နှလုံးကို အကျိုးပြုသည်။ လေကို ပယ်ဖျက် စေတတ်သည်။
အန်စေတတ်သည်။ သည်းခြေကို နိုင်သည်။ ချောင်းဆိုး၊ ပန်းနာ၊ ဖောရောင်၊
အနာပေါက်၊ အဆိပ်သင့်ခြင်း တို့ကို ပျောက်ကင်း စေနိုင်စွမ်းသည်။
အအေးဓာတ်ကို ဆောင်သော အအေးစာ ဘူးသီးကို
မြန်မာတို့ နှစ်ခြိုက်ကြသည်။ အလှူ မင်္ဂလာ ပွဲထိုင်များတွင် ဘူးသီး အချဉ်ရည်၊
ဘူးသီး ဟင်းချိုတို့က ခံတွင်းတွေ့စေသော ဟင်းရည်သောက်ဖြစ်သည်။ ဘူးသီးသည်
အစာကို ကြေစေခြင်း၊ ဝမ်းချုပ်ခြင်းကို ပျောက်ကင်းစေခြင်း၊ ဦးနှောက်၊ အသည်း
နှလုံး ကို အားဖြစ် စေခြင်း၊ ဆီးကို ရွှင်စေခြင်း၊ သွေးပူသွေးဆူသည့်
ဝေဒနာကို ပျောက်ကင်း စေခြင်းနှင့် ဆီးပူညောင်းကျ ရောဂါကို သက်သာ ပျောက်
ကင်း စေခြင်း စသည့် အာနိသင် အစွမ်းသတ္တိ ရှိသည်။ အစာအိမ်ကို
ဝမ်းမီးတောက်စေသည်။ ရင်ချောင်သည်။ ဆီးဝမ်းလေကို ထုတ်ပယ်သည်။ ဘူးမြစ်ကို
စင်းပြီး ထန်းလျက် အနည်းငယ်ထည့်၍ စိမ်ဆေးအဖြစ် စမုံမျိုးငါးပါး၊ ဆားပုပ်၊
ကြက်သွန်ဖြူ ထည့်ပြီး ကျိုသောက်ပါက လေကိုနိုင်သည်။လူ့ခန္ဓာကိုယ်
ကျန်းမာရေးတွင် ခေါင်းကိုက် ဝေဒနာ ခံစားနေရ သူများအား ဘူးသီးစိမ်း အဖတ်ကို
ဓားဖြင့်လှီး၍ နဖူးပေါ်တွင် တင်ထားပါက ဝေဒနာ ပျောက် ကင်းနိုင်သည်။
အဆိပ်ရှိသော ကင်းကိုက်လျှင် ဒဏ်ရာတွင် ဘူးသီး အတွင်းသားကို ကြိတ်ခြေ၍
အုံပေးက ဝေဒနာ ပျောက်ကင်းနိုင်သည်။ ဘူးသီး အတွင်းသားကို အရည်ညှစ်ပြီး
သောက်ပါက အဆိပ်ကို ပြေပျောက် စေနိုင်စွမ်းသည်။ ဘူးသီး၏ အတွင်း အသား
အနည်းငယ်ကို လှီး၍ မီးဖိုပေါ် တင်ထားပြီး အနည်းငယ် ပူနွေးလာက သည်းခြေ၌
ကပ်ထားလျှင် သည်းခြေနာကို ပြေပျောက် စေနိုင်စွမ်းသည်။ မြန်မာ
အမျိုးသမီးများ ကိုယ်ဝန်ဆောင်ပါက ဘူးသီး အတွင်းသား တစ်ဆယ် ကျပ်သားကို
သကြားဖြင့် ယိုထိုးပြီး စားသုံးပါက ကျန်းမာသော ရင်သွေးကို မွေးဖွား
နိုင်စွမ်းသည်။
ဘူးသီး တစ်လုံးလျှင် ဘူးစေ့ ၃ဝဝ
ခန့်ပါသည်။ ဘူးစေ့များကို ၁ဝ စေ့၊ ၁၅ စေ့ ခန့် ပလတ်စတစ်ဖြင့် ထုပ်၍
ဘူးစေ့မျိုးကို ရောင်းနိုင်သည်။ ဘူးပင်ပေါက် ပျိုးပင်များ ကိုလည်း
တစ်ပင်ချင်း ပျိုးယူ ရောင်းချ နိုင်ပါသေးသည်။ ထို့ကြောင့် အစေ့၊
အပင်ပေါက်နှင့် အသီး သုံးမျိုး ခွဲခြား၍ ရောင်းချနိုင်သော ဘူးပင်ကို
စီးပွားဖြစ် စိုက်ပျိုး၍ ဆေးဖက်ဝင် ဘူးသီး စိုက်ပျိုးခြင်းဖြင့် အိမ်တွင်း
ဝင်ငွေများ ရနိုင်မည် ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ရပါသည်။
0 comments:
Post a Comment