Wednesday, August 14, 2013

မောင်တော လုံခြုံရေး သတိပေး


                    

ရန်ကုန်၊ သြဂုတ် ၁၃

လက်နက်ကိုင် အကြမ်းဖက် အဖွဲ့အစည်းများ ဝင်ရောက်နိုင်သည် ဆိုသည့် သတင်းများကြောင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် တောင်ပြို လက်ဝဲမြို့နယ်ခွဲ အတွင်းရှိ ဌာနဆိုင်ရာ ရုံးများကို လုံခြုံရေး အစီအစဉ်များ ချကာ အထူး ဂရုစိုက်ရန် ညွှန်ကြားထားကြောင်း မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မောင်တောမြို့နယ်ရှိ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများကို လုံခြုံရေး အထူး ဂရုပြုရန် သြဂုတ်လ ၇ ရက်နေ့တွင် ညွှန်ကြားထားခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မွတ်ဆလင် နိုင်ငံပေါင်း ၂၀ ကျော်တွင် အကြမ်းဖက်မည့်သတင်း ထွက်ပေါ်နေပြီး အာဖဂန်နစ္စတန် နိုင်ငံက သင်တန်းပေးရန် ဖောက်ခွဲရေး သမား ရာပေါင်းများစွာ အိန္ဒိယနိုင်ငံကို ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဝင်ရောက်နေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံက လုံခြုံရေး အရာရှိ ဒုတိယ ဗိုလ်ချုပ်ကြီး ပြောဆိုထားကြောင်း၊ ယင်းသတင်းနှင့် ဆက်စပ်ကာ မောင်တောမြို့တွင်လည်း အထူး သတိထားရမည့် ကာလ အဖြစ် လုံခြုံရေး အထူးဂရုပြု ဆောင်ရွက်ရန် ညွှန်ကြားခြင်း ဖြစ်ကြောင်း မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးမှ သိရှိရသည်။

ဌာနဆိုင်ရာ ရုံးများအပြင် မြို့အတွင်းတွင်လည်း လုံခြုံရေး အစီအမံများကို ဂရုစိုက် လုပ်ဆောင်ထား ကြောင်း အဆိုပါ ရုံးအဖွဲ့က ထပ်မံ ပြောကြားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်နေရာများတွင် လုံခြုံရေး ပိုမို တိုးမြှင့်ထား ပြီး မောင်တောမြို့ပေါ်နှင့် လူနေရာ ဒေသများတွင် လုံခြုံရေး တိုးမြှင့်ထား သည်ကို တွေ့ရှိရကြောင်း မောင်တောခရိုင် တောင်ပြို လက်ဝဲမြို့နယ်ခွဲ တွင် နေထိုင်သည့် ဒေသခံ တစ်ဦးက ပြောကြားသည်။

အကြမ်းဖက်သမားများက မြန်မာနိုင်ငံကို ဂျီဟတ်စစ်ပွဲ ဆင်နွှဲမည့် သတင်းများ ထွက်ပေါ်လာပြီး နောက် ရခိုင်ပြည်နယ်တွင် ဗုံးဖောက်ခွဲမှု၊ အကြမ်းဖက်မှုများ ဖြစ်ပွားမည့် ကောလာဟလ သတင်းများ ထွက်ပေါ် ခဲ့သဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ် အပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသ၌ မေလ ဒုတိယပတ်တွင် လုံခြုံရေး တင်းကျပ်ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

မြန်မာနိုင်ငံ၏ အနောက်ဘက် တံခါးကို ကာကွယ်ရန် တပ်မတော်က လုံခြုံရေး အင်အား တိုးမြှင့် ချထားပြီး ဒေသ လုံခြုံရေးကို အထောက်အကူ ပြုစေရန် ရခိုင်ပြည်နယ် မောင်တောမြို့နယ် တိုင်းရင်းသားကျေးရွာ လေးရွာတွင် လက်နက် တပ်ဆင်ထားသည့် ပြည်သူ့ စစ် တပ်ဖွဲ့များကို အမာခံ ၁၀ ဦး၊ အရန် ၂၀ ဦးစီဖြင့် ဖွဲ့စည်းပေး ထားကြောင်း၊ တပ်မတော် (ရေ) ကလည်း စစ် ရေယာဉ်များဖြင့် ရေပြင် လုံခြုံရေးကို ဆောင်ရွက်လျက် ရှိပါကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်ညွှန့်က ပြည်သူ့လွှတ်တော်၌ ဇူလိုင်လ ၂၄ ရက်နေ့တွင် ဖြေကြားထားသည်။

The Voice Weekly 

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...