Monday, August 19, 2013

လယ်ယာမြေ ရရှိရေး အတွက် ဆန္ဒဖော်ထုတ်သူများကို တရားစွဲ

                                

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဇူလိုင်လအတွင်း မြို့နယ် လေးခု စုပေါင်း၍ လယ်ယာမြေ ပြန်လည်ရရှိရေး ဆန္ဒ ဖော်ထုတ်ခဲ့ကြ သည့် တောင်သူများကို သြဂုတ်လ ၁၆ ရက်နေ့က တရားစွဲဆို လိုက်ကြောင်း ပုသိမ်မြို့နယ် တရားရေး ဦးစီးမှူး ရုံးထံမှ သိရသည်။

ကန်ကြီးထောင့်၊ ပုသိမ်၊ ငပုတောနှင့် လပွတ္တာမြို့နယ်တို့မှ တောင်သူ ၂၀၀ ကျော်သည် လယ်ယာမြေ များ ပြန်လည် ရရှိရေးအတွက် ဇူလိုင်လ ၄ ရက်နေ့က ဆန္ဒ ထုတ်ဖော်ခဲ့ရာတွင် ဆန္ဒပြ ခေါင်းဆောင် နှစ်ဦး ဖြစ်သူ ဦးထွန်းထွန်းဦးနှင့် ဦးသန်းဝင်းတို့ကို ပုသိမ်မြို့ အမှတ် (၂) ရဲစခန်း (ကိုးသိန်း) မှ စခန်းမှူး ရဲအုပ် စိန်လင်းက တရားလို ပြုလုပ်၍ ပြစ်မှုဆိုင်ရာ အမှတ် ၁၉၁၂/၂၀၁၃ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုလိုက်ကြောင်း အဆိုပါ တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လယ်ယာမြေများ ပြန်လည် ရရှိရေး ဆန္ဒဖော်ထုတ်ရန် သက်ဆိုင်ရာသို့ ခွင့်ပြုမိန့် တောင်းသော်လည်း သတ်မှတ်ရက်အထိ ခွင့်ပြုမိန့် မရရှိ၍ ဆန္ဒ ထုတ်ဖော်ခဲ့ရာ ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်စိုးက ဆန္ဒပြခွင့် မပြုဟု အကြောင်းကြားပြီးနောက် ယခုကဲ့သို့ တရားစွဲဆိုခံရခြင်း ဖြစ်ကြောင်း တရားစွဲဆို ခံရသူ ဦးထွန်းထွန်းဦးက ပြောဆိုသည်။

အဆိုပါ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခြင်းသည် ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်သူ များကို ခွင့်ပြု၍ အကာအကွယ်ပေးသည့် ဥပဒေသာ ဖြစ်ပြီး ဖိနှိပ် ချုပ်ချယ်သည့် ဥပဒေပုဒ်မ ဖြစ်ပါ က ဒီမိုကရေစီ စံနှုန်းနှင့် မကိုက်ညီကြောင်း လယ်သမားအရေး လိုက်ပါ ဆောင်ရွက်နေသူ ဦးထွန်းရွှေက ပြောကြားသည်။

The Voice Weekly 

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...