Saturday, August 31, 2013

ရာသီ အကူးပြောင်းကြောင့် တုတ်ကွေးရောဂါ ခံစားရပြီးနောက် ဆောင်ရန် ရှောင်ရန် ကျန်းမာရေးရာ မေးခွန်းလွှာများ


                           

                      တုတ်ကွေးရောဂါ ခံစားရပြီးနောက် ဆောင်ရန် ရှောင်ရန် ကျန်းမာရေးရာ မေးခွန်းလွှာများ
ဆရာရှင့်... သမီးမှာ တုပ်ကွေးဖြစ်ပြီး ကတည်းက နှာပိတ်၊ နှာရည်ယိုတာကို အပြင်းအထန် ခံစားနေရပါတယ်။ နှာခေါင်း ပိတ်လို့ ဘာပဲစားစား အနံ့အရသာ မရှိသလိုပါပဲဆရာ။ အသက်ကို ပါးစပ်နဲ့ ရှူရတာကိုလည်း စိတ်ပျက်မိပါတယ်။ ဆေးခန်းက ဆေးပေးလို့ အဖျားက ပျောက်သွားပေမဲ့ နှာရည်ယိုတာ၊ နှာပိတ်တာ ကတော့ ကျန်ဆဲပဲဆရာ။ နှာရည်ယို၊ နှာပိတ်တာကို ပျောက်ချင်ပါတယ်။
ကေခိုင်ဦး(သင်္ဃန်းကျွန်း)
ယခုလိုရာသီမှာ အဖြစ်များတာက အဖျားရဲ့ လက်ကျန်နှာစေး၊ ချောင်းဆိုး ခြင်းပါ။ အများစုက ချောင်းဆိုးကျန်ကြပေမဲ့ သမီးက  နှာစေးကျန်သူပါ။ ဒါကြောင့် ယခုရာသီအတွင်းဖြစ်ပွားနေတဲ့ တုပ်ကွေးအားပေးသူများကြားထဲ သမီး ရောဂါက မဆန်းကြယ်လှလို့ ရက်အနည်းငယ် သာ ဖြစ်မှာဖြစ်ကြောင်း အားပေး နှစ်သိမ့်လိုပါတယ်။
ဒီကြားထဲမှာတော့ အအေးမမိဖို့၊ ပန်းဝတ်မှုန်၊ အမွေးအမှင် စတဲ့ လေမသန့် တာတွေ မရှူမိဖို့ အရေးကြီးပါတယ်။ ကားများတဲ့ နေရာ၊ မီးခိုးနှင့် ဖုန်မှုန့်များတဲ့ နေရာတွေလည်း ရှောင်ရမှာပါ။
နှာစေး၊ နှာပိတ်ပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ဂရုပြုလုပ်ဆောင်သင့်တဲ့ အချက် ကလေးတွေရှိပါတယ်။
(၁)     နေ့စဉ်နေ့တိုင်း ရေအပါအဝင်သစ်သီးဖျော်ရည်၊ လက်ဖက်ရည်ကြမ်း၊ စွပ်ပြုတ် စတာတွေ သောက်ပေးပါ။
(၂)     နှာခေါင်းပိတ်လာရင် ရေနွေးပူပူကဲ့သို့ အရည်ပူပူများသောက်ပါက နှာပွင့် လာနိုင်ပါတယ်။
(၃)     ဆားရည်ကြည်အစက်ချဆေးတွေ နှာခေါင်းထဲ ထည့်ပေးနိုင်ပါတယ်။
(၄)     ရေနွေးငွေ့ရှူခြင်း၊ ရေနွေးဖြင့် ရေချိုးခြင်းဖြင့်လည်း နှာခေါင်းပိတ်သက်သာ စေပါတယ်။
(၅)     နှာပွင့်ဖျန်းဆေးတွေ ဈေးကွက်ထဲ ဝယ်လို့ရရင်လည်း သုံးစွဲနိုင်ပါတယ်။(တစ်ပတ်ထက် ပိုမသုံးသင့်ပါ)
(၆)     နှပ်ရည်ကြောင့် နှာခေါင်းပေါက်ဝ ပူလောင်ပါက ပက်ထရိုလီယမ်ဂျယ်လီ သုတ်လိမ်းပေးပါ။
သဘာဝ ဆေးနည်းအနေနဲ့ ပရုတ်၊ ယူကလစ်၊ မဲန်သော်လ်စတဲ့ ဆီမွှေးတွေ ရှူနိုင်ပါတယ်။ နံ့သာဆီကို တစ်ရှူးပေါ် အစက်ချပြီး ရှူခြင်း၊ နှာခေါင်းပိတ်၍ည မအိပ်နိုင်ပါက ရာပန်းဆီကို ရင်ဘတ်လိမ်း အိပ်ခြင်း ပြုသင့်ပါတယ်။
အိမ်သုံးဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ရေနွေးနွေးနဲ့ ဖျော်ပြီး တစ်နေ့ နှစ်ကြိမ်မှ လေးကြိမ်အထိ နှာခေါင်းထဲ အစက်ချ ပေးနိုင်ပါသေးတယ်။ သမီး ကေခိုင်ကို ဆက်လက်အကြံပေးလိုတာကတော့ ဆေးခန်းက သမီးကိုပေးလိုက်တဲ့ ပိုးသတ်ဆေးတွေကို ဆေးပတ်လည်အောင် ဆက်လက် သောက်သုံးဖို့ပါ။ အထူး သတိပေး လိုတာကတော့ ဈေးကွက် ထဲမှာ အလွယ်တကူရတဲ့ နှာပွင့်ဆေးနဲ့ နှာစေး ပျောက်ဆေးတွေကို တခြားအကိုက်အခဲ ပျောက်ဆေးတွေနဲ့ တွဲမ သောက်ဖို့ပါ။
ဆေးပမာဏ လွန်ခြင်း ဖြစ်နိုင်ပါတယ်။ စိတ်ငြိမ်ဆေး သုံးထားသူ၊ ဆီးချို၊ သွေးတိုး၊ နှလုံးစတဲ့ ရောဂါရှင်တွေ ဆိုရင်တော့ ဆရာဝန် ညွှန်ကြားချက်နဲ့သာ ကုသရမှာပါ။
ဒေါက်တာစွမ်း(ဆေး-၂)

1 comments:

  1. တခလောက်မေးချင်လို့ပါ နှာခေါင်းပိတ်နေတာ ၃ လကျော်လောက်
    ဖြစ်နေလို့ပါ နှာရည်လည်းမကျပါဘူး နှာခေါင်းအစက်ချဆေးသုံးရင်တော့သက်သာပါတယ် ထိပ်ကပ်နာဖြစ်မှာကြောက်လို့ပါ

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...