Tuesday, August 13, 2013

ရဲက ရန်ကုန်မြို့ရှိ တရားမဝင် အနှိပ်ခန်းများ ဆက်တိုက်ဝင်ဖမ်း


               

ရန်ကုန်မြို့ရှိ တရားမဝင် အနှိပ်ခန်းများကို ဆက်တိုက်ဝင်ဖမ်းလျှက်ရှိရာ ဩ ဂုတ် ၁၁ ရက် တစ်နေ့တည်းတွင်ပင် အနှိပ်ခန်းနှစ်ခု ဖမ်းမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။

ပထမဖမ်းဆီးလိုက်သည်မှာ လမ်းမတော်မြို့နယ်၊ ၅ ရပ်ကွက်၊ ကမ်းနားလမ်းတွင် ဖွင့်လှစ်ထားသော အနှိပ်ခန်းဖြစ်ပြီး ယင်းနေ့မွန်းလွဲ ၅ နာရီကျော်တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ကာ အော်စကာ ဟူသည့် အမည်ဖြင့်  ဖွင့်လှစ်ထားခြင်းဖြစ်သည် ဟု ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုဆိုင်တွင် တာဝန်ခံအဖြစ်လုပ်ကိုင် နေသော ကိုဇော်နိုင်ဆိုသူကိုလည်း ရဲများက ဖမ်းဆီးခဲ့သလို အနှိပ်သမအဖြစ် သံသယရှိသည့် မိန်းကလေးငယ် ကိုးဦးကိုလည်း ဖမ်းဆီးခဲ့သေးသည်ဟု ရဲဌာန၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

ရဲများသည် အနှိပ်ခန်းဟု သံသယရှိသည့် ထိုဆိုင်မှ မွေ့ယာ၊ ခေါင်းအုံး၊ အိပ်ယာခင်း၊ စာရင်းစာအုပ်နှင့် ငွေကျပ် ၃၂၀ဝ၀ ကိုလည်း သိမ်းဆည်းခဲ့သေးသည် ဟုလည်း ဆိုထားသည်။

ထို့အတူ စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက်ရှိ စင်းစင်း အမည်ရသည့် အနှိပ်ခန်းကိုလည်း ည ၈ နာရီအချိန်တွင် ရဲများက ဝင်ဖမ်းခဲ့သေးသည်။

ယင်းဆိုင်တွင် အနှိပ်သမဟု သံသယရှိသည့် အမျိုးသမီးငယ် ငါးဦးနှင့်အတူဆိုင်တာဝန်ခံ ကိုဇော်ဇော်ဆိုသူတို့ကို ဖမ်းဆီးခဲ့ပြီး သက်သေခံ ပစ္စည်းများကိုလည်း သိမ်းဆည်းခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယခုအမှုများကို ရဲများကပင် တရားလို ပြုလုပ်တိုင်တန်းထားပြီး ဖမ်းမိသူများကို တရားမဝင် အနှိပ်ခန်းဖွင့်သူများအဖြစ် စွပ်စွဲကာ အမှုဖွင့်ထားသည်ဟု ရဲစခန်းက ဆိုသည်။

၎င်းတို့ကို သက်ဆိုင်ရာမြို့နယ် တရားရုံးများတွင် ဦးတိုက်လျှောက်ထားကာ တရား စွဲဆိုသွားမည်ဟုလည်း တိုင်းရဲဌာန က ထုတ်ပြန်သည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese 

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...