Thursday, August 22, 2013

ရေကြီးမှု ကြောင့် သံတွဲ တွင် လေးဦးသေဆုံး


                 

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် သြဂုတ်လ ၁၉ ရက်နေ့ ညနေပိုင်းမှ စတင်ကာ ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီး လူလေးဦး သေဆုံးခဲ့ကြောင်း ဒေသအာဏာပိုင်များ၏ သတင်းထုတ်ပြန်ချက်ကို ကိုးကားကာ သံတွဲမြို့ခံ ဦးမြင့်မိုးက ပြောကြားသည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် သြဂုတ်လ ၁၉ ရက်နေ့တွင် ပုစွန်ပြေချောင်းကျေးရွာမှ အမျိုးသားတစ်ဦး၊ သရော်ချောင်းကျေးရွာမှ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး သြဂုတ်လ ၂၀ ရက်နေ့တွင် ဒေါက်ချောင်းကျေးရွာမှ အမျိုးသားတစ်ဦး၊ ကျောင်းတိုက်ကျေး ရွာမှ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သံတွဲမြို့ အမျိုးဘာသာ သာသနာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူလည်းဖြစ်သူ ၎င်းကဆိုသည်။

သရော်ချောင်းနှင့် ကျောင်းတိုက်ကျေးရွာသားများမှာ ရေမျောသစ်တုံးများကို လိုက်လံဆယ်ယူစဉ် သေဆုံးခြင်းဖြစ်ပြီး ကျန်နှစ်ဦးမှာ ငါးဖမ်းထွက်စဉ် သေဆုံးခြင်း ဖြစ်ကြောင်း ဦးမြင့်မိုးက ထပ်မံပြောဆိုသည်။

သံတွဲမြို့နယ် နေရာအများအပြားတွင် ရေငါးပေကျော် မြင့်တက် မှုကြောင့် နေအိမ်များ နစ်မြုပ်ခဲ့ပြီး သံတွဲမြို့နယ် ညောင်ပင်းဈေးကျေးရွာနှင့် သမုတ်ချောင်းကျေးရွာတို့မှ အိမ်ထောင်စုပေါင်း ၆၀ ကျော်ကို စခန်းသုံးခုဖွင့်ကာ ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ထားရကြောင်း သံတွဲမြို့ခံများက ပြောကြားသည်။

သံတွဲမြို့တွင် ရေကြီးမှုကြောင့် လူ ၅၀၀ ခန့်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ ထားရသော်လည်း သေဆုံးမှုကိစ္စနှင့် ပတ်သက်၍ သတင်းမရရှိသေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဦးဝင်းမြိုင်က ဆိုသည်။

ရေမြုပ်သည့် ကျေးရွာများကို စက်လှေများဖြင့် သွားရောက်ကာ ထမင်းထုပ်များ လှူဒါန်းနေရကြောင်း အမျိုးဘာသာ သာသနာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး အသင်းထံမှ သိရှိရသည်။

“တချို့ အိမ်တွေက ခေါင်မိုးနားထိ မြုပ်လို့ လူတွေခေါင်မိုးပေါ် တက်ထိုင်နေကြတယ်။ အဲလိုလူတွေဆိုရင် စက်လှေနဲ့ ခေါ်လာခဲ့တယ်” ဟု ဦးမြင့်မိုးက ပြောကြားသည်။

သံတွဲမြို့နယ်တွင် သြဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်းမှစတင်ကာ ရေတစ်ဝက်ခန့် ပြန်လည် လျော့ကျသွားပြီ ဖြစ်ကြောင်း သံတွဲမြို့ ဒေသခံများကို သြဂုတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မေးမြန်းချက်အရ သိရှိရသည်။

ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် လပိုင်းကလည်း မင်းပြား၊ မြောက်ဦး၊ စစ်တွေ အပါအဝင် မြို့နယ်အချို့တွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။

The Voice Weekly 

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...