Sunday, August 18, 2013

ဘင်္ဂလာဒေခ်ျ့အာဏာပိုင်များက မြန်မာနိုင်ငံသား ၉၉ ယောက် က ပြန်ပို့


             

မြန်မာမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ နယ်စပ် ဖြတ်ကျော် ၀င်ရောက်လာသော လူပေါင်း ၉၉ ယောက်ကို ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက မြန်မာဘက်သို့ ပြန်လည် ပို့ဆောင်လိုက်သည်ဟု ဆိုသည်။

ပို့ဆောင်လိုက်သူ အထဲတွင် အမျိုးသမီးများနှင့် ကလေးငယ်များလည်း ပါဝင်ပြီး ယမန်နေ့ က ပြန်လည်ပို့ဆောင်လိုက်သည်ဟု ဘင်္ဂလာဒေခ်ျ့ နယ်စပ် အာဏာပိုင်များက ပြောသည်။

သူတို့အား ဘင်ဒရိုဘင် (ရွာတော်) နှင့် ကော့စ်ဘဇား( ဖလောင်းချိတ်) ခရိုင် အတွင်းသို့ တနင်္ဂနွေနေ့က တရားမ၀င် နယ်စပ်ကို ဖြတ်ကျော်ပြီး ၀င်ရောက်လာကြစဉ် ဘင်္ဂလာဒေခ်ျ့ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသားများသည် တက်ကနက်မြို့နယ် Golarchar/ Jaliapara/ Dumdomia နယ်မြေများနှင့် စစ်တကောင်း တောင်တန်းနယ် ဘင်ဒရိုဘင် (ရွာတော်) ခရိုင် ခေါင်းတုံး- တောင်ပြို နယ်စပ်မှ ၀င်ရောက်လာကြသည်ဟု နယ်စပ် လုံခြုံရေး တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

တက်ကနက် အခြေစိုက် အမှတ် (၄၂) တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူးကြီး ဂျာဟစ် ဟူစိန်က တနင်္ဂနွေနေ့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်မှ နေ့လည် ၂ နာရီထိ ပြုလုပ်သော တစ်နာရီ ခွဲကြာ စစ်ဆင်ရေး တစ်ခု အတွင်း မြန်မာနိုင်ငံသားများနှင့် မြန်မာ တိုင်းရင်းသား ၆၇ ယောက်ကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ပြောသည်။

တစ်ခြား ဖြစ်စဉ် တစ်ခုတွင် သစ်သား စက်လှေ တစ်စီးဖြင့် မြန်မာဘက်မှ ဘင်္ဂလာဒေခ်ျ့သို့ ၀င်ရောက် လာသူ လူပေါင်း ၃၂ ယောက်ကို ဖမ်းဆီးမိခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူများမှာ မွတ်ဆလင်များ ဖြစ်ကြပြီး မိန်းမများနှင့် ကလေးငယ်များ ပါဝင်သည်။ တက်ကနက် (ကယုချောင်း) မြို့နယ် ဆားပြင် အုပ်စု ဂိုလာချာရာ ကျေးရွာအနီးတွင် ဖမ်းဆီးမိသည်ဟု သူက ဆိုသည်။

ဝင်ရောက်လာသူ ၉၉ ယောက်စလုံးကို မြန်မာနိုင်ငံသို့ ယမန်နေ့က  ပြန်လည် ပို့ဆောင်လိုက်သည်ဟု ဆက်ပြောသည်။

ဒေသခံများ၏ အပြောအရ ပြန်လည် ပို့ဆောင်သူများကို မြန်မာ အာဏာပိုင်များ လက်သို့ တရားဝင် လွဲပြောင်းခြင်းမျိုး မဟုတ်ဘဲ သူတို့ဝင်ရောက်လာရာ လမ်းကြောင်းမှ တဆင့် ကိုယ့်အစီအစဉ်ဖြင့်ကိုယ် ပြန်သွားကြရန် ပို့ဆောင် လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နယ်စပ် တလျှောက်တွင် မြန်မာဘက်မှ နယ်စပ်ကို သံဆူးကြိုးများဖြင့်  ခြံခတ်ပြီး ကာရံထားသော်လည်း ယခုအချိန်ထိ  မြန်မာနယ်စပ်ကို လုံခြုံအောင် ကာကွယ်နိုင်ခြင်း မရှိဘဲ ဖြစ်နေသဖြင့် တရားမ၀င် နယ်စပ် ဖြတ်ကျော် သွားလာနေမူများနှင့် အတူ မှောင်ခို လုပ်ငန်းများမှာ အကြီးအကျယ် ဖြစ်ပွားနေသည်ဟု ဒေသခံများက ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက နယ်စပ်ကို ဖြတ်ကျော်ပြီး ၀င်ရောက်လာသူများဟု စွပ်စွဲခံရသူများကို နေ့စဉ် နှင့် အမျှ မြန်မာဘက်သို့ ပြန်ပို့နေသော်လည်း ပြန်ပို့ခံရသူများကို မြန်မာဘက်မှ တစ်စုံတစ်ရာ  စိစစ်အရေးယူ ဆောင်ရွက်မူများ  ပြုလုပ်သည်ဟု မကြားရကြောင်း မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြို၊ ငခူရ၊ နံ့သာတောင် ကျေးရွာ ဒေသခံများက ပြောသည်။

(နိရဉ္စရာ- ၁၇ ဇွန် ၂၀၁၃) 

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...