Wednesday, August 14, 2013

မြန်မာနိုင်ငံသား ၉ ဦး ကိုတရားမ၀င် နေထိုင်မှု နှင့် မီဇိုရမ်ရဲက ဖမ်းဆီးထောင်ချ


                

အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်တွင် တရားမ၀င် လာရောက်နေထိုင်မှုဖြင့် မြန်မာနိုင်ငံမှ ချင်းလူမျိုး ၉ ဦးကို Sairang ရဲစခန်းမှ တာဝန်ရှိ ရဲများက ယခုလ ၈ ရက်နေ့က ဖမ်းဆီးထောင်ချ လိုက်သည်ဟု သိရသည်။

၎င်းတို့ ၉ ဦးကို အိုင်ဇောလ်မြို့တရားရုံးတွင် သြဂုတ်လ ၉ ရက်နေ့က ခေါ်ဆောင်ပြီး တရားသူကြီး Laldingpuia Tlau က အာမခံခွင့်ပြုခဲ့သော်လည်း သြဂုတ်လ ၁၄ ရက်နေ့နောက်ပိုင်းမှသာ ရူပီး ၃၀၀၀ နှင့် အစိုးရ၀န်ထမ်းတဦးဦးမှ အာမ ခံပြီး ပြန်လွတ်နိုင်မည်ဟု အမိန့်ချမှတ်ခဲ့သည်။

ယခု ထောင်ချခံရသူများသည် မီဇိုရမ်ပြည်နယ် Kolasip ခရိုင် Mualkhan ကျေးရွာတွင် တရားမ၀င် နေထိုင်ကြသူများ ဖြစ်ကြပြီး ကျေးရွာတာဝန်ရှိသူ JAC အဖွဲ့က ဇူလိုင်လ ၃၁ ရက်နေ့နောက်ဆုံးထားကာ ကျေးရွာမှထွက်သွားကြရန် အမိန့်ထုတ်ထားခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ ကုန်ဆုံးပြီးနောက် ကျေးရွာမှ မထွက်ခွါသူ ချင်းလူမျိုးများကို သြဂုတ်လ ၁ ရက်နေ့က Sairang ရဲစခန်းတွင် JAC အဖွဲ့က (FIR) အမှုတိုင်ချက်ဖွင့်လိုက်ပြီး မိသားစု တစုအတွက် အိမ်ထောင်ဦးစီး တယောက်စီ ကို သြဂုတ်လ ၈ ရက် နေ့က သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အိမ်ခြေ ၅၅ ခန့်ရှိသော Mualkhang ကျေးရွာတွင် တရားမ၀င်နေထိုင်သူ မြန်မာနိုင်ငံသား ချင်းလူမျိုး ၁၆ အိမ်ခန့်ရှိ ပြီး ၎င်းတို့ သည် ကျေးရွာ အနီးရှိ ခြံစောင့်လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ကျောက်ထုလုပ်ငန်းများကို လုပ်ကိုင်စားသောက် ကြသည်ဟုသိရသည်။

ယခုရက်ပိုင်းအတွင်း မီဇိုရမ်ပြည်နယ် ကျေးရွာတချို့တွင်လည်း တရားမ၀င်နေထိုင်သူ နိုင်ငံ ခြားသားများရှာဖွေ မောင်း ထုတ်ရေးလုပ်ငန်းတွေကို မီဇိုးလူငယ်များ အသင်း(ဗဟို)မှ ဦးဆောင်ပြီး အပူတပြင်းလုပ်ဆောင် လျက်ရှိသည်။

ခိုနူမ်းထုန် သတင်းဌာန 

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...