Friday, July 12, 2013

သမ္မတ ဦးသိန်းစိန် လန်ဒန် ပဲရစ်သွားမည်

ရှေ့သီတင်းပတ်ထဲ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေကို လာရောက်ဖို့ ရှိတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်ဟာ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စတွေကို အဓိက ရည်ရွယ် တိုက်တွန်းဖို့ဖြစ်နိုင်သလို၊ ဥရောပနိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံကို အကူအညီတွေ တိုးမြင့်ပေးဖို့ ကိစ္စကိုလည်း ဆွေးနွေးနိုင် တယ်လို့ ဥရောပ အခြေစိုက် မြန်မာ့အရေး သုံးသပ်သူတချို့က ပြောပါတယ်။ ဥရောပရောက် မြန်မာ့ အရေး လှုပ်ရှားသူတွေ ကတော့ သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်ကို ကန့်ကွက်ဖို့ ပြင်ဆင်နေကြပါတယ်။ ဆက်သွယ် စုံစမ်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

ဥရောပမှာ အရေးပါတဲ့ နိုင်ငံကြီးနှစ်ခုဖြစ်တဲ့ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေ ကို မြန်မာသမ္မတ ဦးသိန်းစိန် ရှေ့သီတင်းပတ်ထဲမှာ သွားရောက်ဖို့ ရှိနေတာပါ။ သမ္မတဦးသိန်းစိန် အနေနဲ့ ဥရောပကို ဒုတိယအကြိမ် သွားရောက်မယ့် ဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင်း ဥရောပနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အားပေး တိုက်တွန်းနိုင်ဖို့အတွက် အဓိက လာရောက်တာဖြစ်နိုင် သလို၊ မြန်မာအပေါ် အကူအညီပေးရေး ကိစ္စတွေကို လည်း ဆွေးနွေးနိုင် တယ်လို့ မြန်မာ့အရေးကို ဥရောပမှာ နှစ်ပေါင်းများစွာ လှုပ်ရှားဆောင်ရွက် လာခဲ့တဲ့ ဦးနွယ်အောင်က သုံးသပ်ပါတယ်။

"စီးပွားရေးကိစ္စပဲ အများဆုံးဖြစ်မှာပါ။ ဒါပါပဲ။ သူ့အနေနဲ့က အထူးသဖြင့်ကတော့ ယူကကေ ရင်းနှီးမြှပ်နှံမယ့် ပုဂ္ဂိုလ်တွေ ဒီလူတွေနဲ့တွေ့မယ်။ ပြင်သစ် က ရင်းနှီးမြှပ်နှံမယ့် ပုဂ္ဂိုလ်တွေနဲ့တွေ့မယ်။ နောက် ပြင်သစ်ရော၊ အင်္ဂလန်ရောက ဦးသိန်းစိန်အစိုးရကို တော်တော်လေး မျက်နှာသာပေး တဲ့နိုင်ငံတွေဖြစ် တာကိုး။ ပေးတော့ သူကလည်း ဒီကိစ္စကို အခွင့်ကောင်းယူပြီးတော့ ဒီနိုင်ငံတွေကို လာရောက်လည်ပတ်မှာဖြစ်တယ်။ အထူးသဖြင့်တော့ ဒီနိုင်ငံတွေကနေပြီးတော့ မြန်မာနိုင်ငံအတွက် ပိုက်ဆံ ဘယ်လောက်ရနိုင်မလဲ ဆိုတဲ့ ပုံစံမျိုးနဲ့ဘဲ သူက လာတွေမှာဖြစ်ပါတယ်။ နော်။"

ဥရောပနိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်း လဲမှုတွေ ကို သတိထား စောင့်ကြည့်နေတဲ့ကာလမှာ သမ္မတ ဦးသိန်းစိန်အနေနဲ့ လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဥရောပ နိုင်ငံတွေရဲ့ ယုံကြည် လက်ခံမှု ပိုမိုရရှိဖို့အတွက်  အခုလို ကိုယ်တိုင် လာရောက် ဖျောင်းဖျ တာ ဖြစ်လိမ့်မယ်လို့လည်း ဦးနွယ်အောင်က သုံးသပ်ပါတယ်။

"ဒီနိုင်ငံတွေကတော့ သူတို့က မြန်မာပြည်ထဲ ဝင်မယ်။ စီးပွားရေးတွေ ဘာတွေလုပ်မယ်။ ပြောသာပြောနေတယ် ဒါပေမဲ့ စိတ်မချတဲ့ပုံစံရှိတာကိုး။ ဒါကြောင့်မို့လို့ဦးသိန်းစိန်က ဒီနိုင်ငံတွေကိုလာပြီး ဖျောင်းဖြမယ့် ပုံသဏ္ဍာန်မျိုးရှိတာ။ သူတို့ရှေ့မှာ ဥပဒေတွေ ပြုပြင်ထားတာတွေရှိပါတယ်။ Investment Law တွေဘာတွေ ပြုပြင်ထားတာတွေရှိပါတယ်။ ဒါတွေကို စိတ်ချပါ။ နောက်ပြီးတော့ သူတို့အနေနဲ့လည်း နောက်ပြန်သွားဖို့ ရည်ရွယ်ချက်မရှိပါဘူး စသည်ဖြင့် ဒီဟာတွေကိုဖြောင်းဖျပြီး ဒီနိုင်ငံတွေကိုပြောဖို့ ရှင်းပြမယ်။ သူ့အစိုးရအတွက်ကတော့ ဒီဥစ္စာဟာ အကျိုးဖြစ်ထွန်းမှုရှိမှာပါ။"

ဥရောပမှာ မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေကြတဲ့ သူတွေကတော့ သမ္မတ ဦးသိန်းစိန်ရဲ့ အခု ဥရောပခရီးစဉ်ကို ကန့်ကွက်ဖို့ ပြင်ဆင်နေကြတယ်လို့လည်း ဦးနွယ်အောင်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်နေတယ်လို့ မြန်မာ အစိုးရက ပြောနေပေမဲ့ လက်တွေ့မှာတော့ တိုင်းရင်းသားဒေသတွေမှာ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သလို၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဟာလည်း ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖြစ်ပွားနေတုန်းပဲလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန် ထောက်ပြနေကြတာဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီနဲ့ မတ်လတွေအတွင်း နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနဲ့ အီတလီ နိုင်ငံတွေကိုလည်း သွားရောက်ခဲ့ပြီး ဥရောပနိုင်ငံတွေက ခေါင်းဆောင်တွေ၊ အီးယူ ဥရောပသမဂ္ဂ အကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့သလို၊ အီးယူရဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုအားလုံး ရုပ်သိမ်းပေးဖို့ ကိစ္စတွေကို တောင်းဆို ခဲ့တာဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ဥရောပ ၅ နိုင်ငံ ခရီးစဉ်အပြီး ပြီးခဲ့တဲ့ ဧပြီလထဲမှာပဲ အီးယူကလည်း လက်နက်တင်ပို့ရောင်းချခွင့်က လွဲလို့ ကျန်တဲ့မြန်မာအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုတွေကို အပြီးပိုင် ရုပ်သိမ်းပေး ခဲ့တာဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း နဲ့ ပြင်သစ်သမ္မတ ဖရန်ဆွာအိုလွန်း တို့ရဲ့ ဖိတ်ကြားမှုနဲ့ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံခရီးစဉ်တွေဟာ မကြာခင် သွားရောက်ဖို့ရှိတဲ့ အကြောင်း မြန်မာအစိုးရ သတင်းစာမှာ ဖော်ပြထားပေမဲ့ အချိန် အတိအကျကိုတော့ ပြောမထားပါဘူး။

ဘန်ကောက်ပို့စ်သတင်းစာကတော့ သမ္မတဦးသိန်းစိန်ဟာ ဇူလိုင်လ ၁၄ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေကို သွားရောက်ဖို့ရှိတဲ့ အကြောင်း သမ္မတပြောခွင့်ရသူကို ကိုးကားပြီး ဖော်ပြ ထားပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ဗြိတိန်ခရီးစဉ်နဲ့ပတ်သက်လို့ အသေးစိတ် အချက်အလက် သိရဖို့ ဗြိတိန် နိုင်ငံခြားရေးရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လောလောဆယ် သူတို့အနေနဲ့ သတင်းမထုတ်ပြန်နိုင်သေးတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ 


                                                         သမ္မတဦးသိန်းစိန်။

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...