Wednesday, March 27, 2013

အမုန်းတရားများ မရှိပါလျက် Posted: 27 Mar 2013 02:29 AM PDT


"မိတ္ထီလာမြို့မှ အကြမ်းဖက်မှုမှာ လူ့အဖွဲ့အစည်း အားလုံးကို တုန်လှုပ်စေခဲ့ပြီး နိုင်ငံ့ပုံရိပ် ညှိုးနွမ်းစေခဲ့သည်"

ဖြစ်ရပ်(၁)

မီးလောင် ကျွမ်းနေသော သီရိမင်္ဂလာ ရက်ကွက်သို့ ကိုဖြိုးသန့်မင်း တစ်ယောက် မတ်လ၂၁ ရက် ညနေ ၄ နာရီခန့်က သွားကြည့်သည်။ အိမ်တစ်လုံးထဲတွင် အစ္စလာမ် ဘာသာဝင် အမျိုးသမီး တစ်ဦး ခိုလှုံနေရာမှ ထွက်မရဖြစ်နေကြောင်း လုံခြုံရေး ၀န်ထမ်းများထံမှ သတင်းကြားပြီးနောက် ၎င်းကိုကယ်တင်ရန် ဆုံးဖြတ်လိုက်သည်။

ထိုနေရာသို့ သွားရောက်ပြီး အမျိုးသမီးအား လူအများ အစ္စလာမ်ဘာသာဝင်မှန်း သတိမထားမိရန် မျက်နှာကို ဆိုင်ကယ်စီးဦး ထုပ်ဆောင်း၍ ဖုံးကွယ်ကာ ကယ်တင် ခဲ့ကြောင်း ကိုဖြိုးသန့်မင်းက ပြောသည်။

အမျိုးသမီးကို ကယ်ထုတ်ပြီးနောက် ပိတ်မိနေသော အစ္စလာမ်ဘာသာဝင်များထံမှ လာရောက်ကယ်တင်ပေးရန် ဖုန်းများဖြင့် မကြာခဏ အကူအညီတောင်းခံခြင်းခံရသည်။ ထို့ကြောင့် အောင်မြင်သာစည်ကျောင်းမှ ဆရာတော်နှင့်အတူ ကားနှစ်စီးဖြင့် အစ္စလာမ်ဘာသာဝင် ၄၀ ကျော်အား ပိတ်မိနေသောအိမ်များမှ ထွက်ခွာနိုင်အောင်ကူညီကာ ခရိုင်အားကစားကွင်းသို့ ပို့ဆောင်ပေးခဲ့ကြသည်။

“အဲဒီအချိန်မှာ ကျွန်တော့်ခေါင်းထဲ ဘာမှမရှိဘူး။ မဆိုင်တဲ့ လူတွေကို ကယ်တင်နိုင်ဖို့ပဲရှိတယ်” ဟု ထိုအချိန်က စိတ်ထဲဖြစ်ပေါ်ခဲ့ ပုံကို အသက်(၄၆)နှစ်အရွယ် ကိုဖြိုးသန့်မင်းကပြောသည်။

“ဘုန်းဘုန်းတွေပို့တာလည်းပါတယ်။ ဗုဒ္ဓဘာသာ ရပ်ကွက်ခေါင်းဆောင်တွေလည်း အားကစားကွင်းကို ပို့ပေးတာလည်းရှိတယ်” ဟု ပညာရေးကောလိပ်ရှိ အစ္စလာမ် ဒုက္ခသည်ခေါင်းဆောင် ကိုမောင်မောင်က ပြောသည်။

ဖြစ်ရပ်(၂)
အကြမ်းဖက်မှုများဖြစ်ပွားသည့် ဒုတိယနေ့ မတ်လ ၂၁ ရက် ညနေ ၄ နာရီ။ အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ အတူနေထိုင်ရာ မိတ္ထီလာမြို့၊ ချမ်းအေးသာယာရပ်ကွက်၌ နေထိုင်သော မမြင့်တစ်ယောက် နေအိမ်မှ ထွက်ပြေးရန် ပစ္စည်းများသိမ်းနေခဲ့သည်။ ထိုသို့ သိမ်းဆည်းနေစဉ် တုတ်၊ ဓားများ ကိုင်ဆောင်ထားသော တစ်ရပ်ကွက်တည်းနေ အစ္စလာမ်ဘာသာဝင်များ အိမ်ရှေ့သို့ရောက်လာသောအခါ ဆောက်တည်ရာ မရတော့။ သို့သော် သူတို့က မမြင့်ကို ရန်မမူဘဲ လုံခြုံသောနေရာတွင် သွားနေရန်ပြောလေသည်။ ပစ္စည်းများသိမ်းပြီး ဆွေမျိုးများရှိရာ ပကောရွာသို့ ထွက်ပြေးစဉ် လမ်း၌ကြောက်လန့်တကြား ချုံထဲတွင် ပုန်းနေသောအစ္စလာမ် ဘာသာဝင်များနှင့် ပက်ပင်းတွေ့ဆုံမိပြန်သည်။

“ နင့်တို့ကို ဘာမှမလုပ်ဘူး။ သွားစရာရှိတာသွားပါ” ဟု ပြောသဖြင့် သွားလိုသော နေရာသို့ဘေးကင်းစွာရောက်ခဲ့ကြောင်း အသက် ၄၁ နှစ်အရွယ် မမြင့်က အတွေ့အကြုံကိုပြန်လည်ပြောပြသည်။

ပြဿနာဖြစ်ပွားပြီး နှစ်ရက်အကြာ ဒုက္ခသည်စခန်းများသို့ရောက်သွားချိန်တွင်လည်း တစ်ရပ်ကွက်တည်း အတူနေခဲ့သူများနှင့်
ဘာသာမတူသော်လည်း သိကျွမ်းသူများအချင်းချင်း အပြန်အလှန်ကူညီကြသည်။

“အစ္စလာမ်ဘာသာဝင်တွေထားတဲ့ အမှတ်(၁) ရဲစခန်းရှေ့ရောက်တော့ အထဲကနေ လက်ထောင်ပြတယ်။ ဒါနဲ့ ကျွန်တော်လည်း ပြန်ထောင်ပြတော့ ကွမ်းစားချင်လို့ ဆေးလိပ်သောက်ချင်လို့ ပြောတဲ့အတွက်ဝယ်ပေးခဲ့တယ်” ဟု မီးလောင်ပြာကျခဲ့ရသော ချမ်းအေးသာယာရပ်ကွက်မှ အသက် (၂၅) နှစ်အရွယ် ကိုအာကာက ပြောသည်။

ထို့အပြင် စခန်းထဲတွင်ရှိနေသူတစ်ဦးက ဆေးရုံတင်ထားရသော ကိုယ်ဝန်ဆောင်သည် အစ္စလာမ်ဘာသာဝင် အမျိုးသမီးအတွက် အသုံးအဆောင်ပစ္စည်းများပို့ပေးရန် အကူအညီတောင်းခဲ့သဖြင့် ပို့ဆောင်ပေးခဲ့သည်။

“အိမ်တွေမီးရှို့ခံရတုန်းကတော့ ဒေါသဖြစ်တာပေါ့။ ဒုက္ခသည် စခန်းမှာတွေ့တော့ သနားသွားတဲ့အတွက် ကူညီပေးခဲ့တာ” ဟု ကိုအာကာက ပြောသည်။

ဒုက္ခသည်စခန်းမရောက်ခင် ပဋိပက္ခဖြစ်ပွားစဉ်ရက်များအတွင်း တစ်ရပ်ကွက်တည်း အေးအတူ ပူအမျှနေထိုင်ခဲ့ကြသော ဘာသာမတူသူများမှာ ခဏချင်း တုတ်၊ ဓားများကိုင် တစ်ဖက်နှင့်တစ်ဖက် ရန်သူများသဖွယ် နေ့ချင်းညချင်း ကူးပြောင်းခဲ့ကြသည်။ သူတို့မှာ တစ်ဦးနှင့်တစ်ဦး မုန်းတီး၍တော့မဟုတ်ဘဲ မိမိကိုးကွယ်ရာ ဘာသာဝင်များအား ကာကွယ်ရန်နှင့် စိုးရိမ်စိတ်တို့ကြောင့် ယခုကဲ့သို့ လက်နက်များ ကိုင်ဆောင်လာခြင်းဖြစ်သည်။

ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည်မှာ ကျပ်တစ်သိန်းလေးသောင်းတန် ရွှေထည်ပစ္စည်းကို ငါးသောင်းပေးမည်ဟုဆိုကာ ရောင်းမှားဝယ်မှားဖြစ်ခဲ့ရာမှ စတင်ခြင်းဖြစ်သည်။ နယူးဝိန်စိန်ရွှေဆိုင်မှ ရွှေဆံကုတ် ၀ယ်ယူခဲ့သော ပြွန်ကောက်ကျေးရွှာမှ ဦးခင်မောင်ဝင်းနှင့် မအေးနိုင်တို့မှာ ထိုရွှေထည်အား ထိုဆိုင်မှ ဘောင်ချာဖြင့် ပြန်လည်ရောင်းချစဉ် ပြဿနာ ဖြစ်ပွားခဲ့သည်။

ဦးခင်မောင်ဝင်းတို့ ရွှေထည်အားဝယ်ယူရန် ရွှေဆိုင်က စစ်ဆေးရာတွင် ပဲ့သွားခဲ့သဖြင့် မူလပြောထားသော သတ်မှတ်ထားသည့် ဈေးမပေးတော့ရာမှ စတင်ကာ အချင်းများကြပြီးဆိုင်ရှင်က ဦးခင်မောင်ဝင်းအားကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ရာ ၎င်းမှာ ပေါက်ပြဲဒဏ်ရာ ရရှိခဲ့သည်။

ထိုသို့ ကိုယ်ထိလက်ရောက် ကျူးလွန်သည်ကို မြင်တွေ့ခဲ့သူများက ဆိုင်ရှင်ဇနီးမောင်နှံအား ရဲစခန်းတွင် အမှုဖွင့်အရေးယူထားသော်လည်း မကျေနပ်သဖြင့် ထိုနေ့မွန်းလွဲပိုင်းတွင် လူများက စုဝေးပြီး ထိုရွှေဆိုင်အပါအ၀င် ကပ်လျက်ဆိုင်ခန်းအား အကြမ်းဖက် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ထို့နောက် ပဋိပကမ္ခများ ပိုမိုကြီးထွားလာပြီး ယင်းနေ့ညနေ ၅ နာရီခန့်တွင် သာစည်မြို့နယ်၊ ဟံဇားကျေးရွာ ကျောင်းမှသက်တော် ၄၅ နှစ်ရှိ ဆရာတော် ဦးသောဘိတမှာ ယဉ်ကျေးလိမ္မာကျောင်းအတွက် စာအုပ်ဝယ်ရန် မိတ္ထီလာမြို့သို့ လာရောက်စဉ် အစ္စလာမ်ဘာသာဝင် အချို့က ရိုက်နှက်သဖြင့် ပျံလွန်တော်မူခဲ့သည်။

“သံဃာတစ်ပါး သွေးမြေကျသွားတဲ့ ကိစ္စကြောင့်ပါ။ အစတုန်းကတော့ ဗလီတွေဘက် ပစ်မှတ်မရှိကြဘူး။ ပစ်မှတ်မရှိတဲ့ အကြောင်းလည်း လူအုပ်ကြီးက သတိပေးထားပါတယ်။ သံဃာတော်တွေကလဲ ကတိပေးထားပါတယ်။ အဲဒီအချိန်မှာ မဆီမဆိုင် သံဃာတစ်ပါးသွေးမြေကျတာနဲ့ ပတ်သက်ပြီးတော့ ပစ်မှတ်ပြောင်းသွားတာပေါ့” ဟု ဆရာတော်ဦးဝီရသူက သူ၏အမြင်ကို မိန့်သည်။

သို့သော် နောက်ပိုင်းရက်များတွင်မူ မြို့ခံများပင် မသိသော စာသင်သားငယ်ဖြူမှန်း မသိသောသူများ ၀င်ရောက်လာခဲ့ပြီးနောက် ပြဿနာမှာ ကြီးသွားခဲ့သည်ဟု ဆရာတော်ဦးဝီရသူက မိန့်သည်။ မြို့ခံများကလည်း မတ်လ ၂၁ ညနှင့် ၂၂ ရက် အခြေအနေများမှာ ရှုပ်ရှုပ်ထွေးထွေးဖြင့် အကြမ်းဖက်မှုများ ကြောက်မက်ဖွယ်ဖြစ်ပွားခဲ့ကြောင်း ဆိုကြသည်။

“တတိယနေ့ကတော့ ပယောဂ ၀င်ပူးသွားပြီ” ဟု ဆရာတော်ဦးဝီရသူက မှတ်ချက်ပြုသည်။ ထို့ကြောင့် ရွှေဆံကုတ်အရောင်းအ၀ယ်မှ စတင်ခဲ့သော အကြမ်းဖက်မှု သုံးရက်အတွင်း လူပေါင်းများစွာသေဆုံးခဲ့ကာ ဒဏ်ရာရသူဦးရေ များစွာရှိပေါ်စေခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖြစ်ရပ်တွင် မရိုးသားမှုအချို့နှင့် ရည်ရွယ်ချက်ရှိရှိ နောက်ကွယ်မှကြိုးကိုင်သူအချို့ ရှိနိုင်သည်ဟု ခန့်မှန်းသူများရှိသော်လည်း အစိုးရအနေဖြင့် ဖော်ထုတ်အရေးယူပြနိုင်ခြင်းမျိုး မရှိသေးပေ။

ပြဿနာဖြစ်ပွားနေစဉ်တွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များ၏ ကိုင်တွယ်မှုများနှင့် ပတ်သက်၍ “ကျွန်တော်တို့ ငယ်ငယ်က စပါးခင်းထဲမှာ ချထားတဲ့ စာခြောက်ရုပ်ထက်မပိုပါဘူး။ ဓားနဲ့ခုတ်လည်း ကြည့်နေတယ်။ မီးရှို့လည်း ကြည့်နေတယ်” ဟု ဒေါက်တာစန်းလှိုင်က မှတ်ချက်ပြုသည်။

“ဒီပြဿနာ ကြီးထွားလာတာ ဆက်ပြီးဖြစ်လာတာက အုပ်ချုပ်သူတွေက အချိန်မီမဖြေရှင်းနိုင်တဲ့သဘော ဖြစ်သွားတယ်။
နောက်ကွယ်ကလည်း ပယောဂဆိုတာမျိုးလည်းပါနိုင်ပါတယ်။ ဒီလိုကိစ္စမျိုးက ဖြစ်တယ်ဆိုရင် ဖြစ်ဖြစ်ချင်း ကိုင်တွယ်ဖြေရှင်းတာမျိုးက အကောင်းဆုံးပဲ” ဟု ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်အမတ် ဦးအေးမောက်က ပြောသည်။

ထို့ကြောင့် မိတ္ထီလာမြို့တွင် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင် ငွေကြေးပြည့်စုံသူများနှင့် လူလတ်တန်းစားများနေထိုင်သည့် သီရိမင်္ဂလာရပ်ကွက်၊ ဆင်းရဲသား အများစုနေထိုင်သော ရန်မျိုးအောင်ရပ်ကွက်၊ ချမ်းအေးသာစံ ရပ်ကွက်တို့မှာ မီးလောင်ကျွမ်းခဲ့ပြီး နှစ်ဖက်စလုံးတွင် သေဆုံးသူများရှိခဲ့သည်။

သာမန်အရောင်းအ၀ယ်မှ စတင်ပြီးသုံးရက်ကြာဖြစ်ပွားခဲ့သော ထိုအကြမ်းဖက်မှုကြောင့် လူ ၃၂ ဦးသေဆုံးခဲ့ပြီး ၃၉ ဦး ဒဏ်ရာရရှိခဲ့သည်။ အခုနောက်ဆုံးစာရင်းအရ သေဆုံးသူမှာ ၄၀ အထိ တိုးလာပြီဖြစ်သည်။ တရားခံဟု သံသယရှိသူ ၁၃ ဦးကို ဖမ်းဆီးထားနိုင်ခဲ့သော်လည်း အခင်းဖြစ်ပွားရာတွင် အဓိက ပြစ်မှုကျူးလွန်သူအချို့ကိုမူ မဖမ်းဆီးနိုင်သေးပေ။ ထိုပြဿနာဂယက်ကြောင့် လယ်ဝေးမြို့ ရုံးပင်ကျေးရွာနှင့် ရမည်းသင်းမြို့နယ်ရှိရွာတန်းနှင့် ရွေဒါးသာစည်ကျေးရွာတို့တွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ ထိုအကြမ်းဖက်မှုများမှ တရားခံဟု ယူဆရသူ ၂၂ ဦးကို ဖမ်းဆီးအရေးယူထားသည်။

မိတ္ထီလာမြို့တွင် ဒုက္ခသည်စခန်း ၁၅ ခု ဖွင့်လှစ်ထားပြီး ဒုက္ခသည် ၉၆၄၄ ကျော်အိုးမဲ့အိမ်မဲ့ ဘ၀ရောက်ခဲ့ကြရသည်။ နိုင်ငံတော်အစိုးရက အရေးပေါ်အခြေအနေ ကြေညာပြီး တပ်မတော် အကူအညီစတင်ယူခဲ့သည့် နေ့မှစ၍ တည်ငြိမ်စပြုလာသော်လည်း ရပ်ကွက်များ ဒုက္ခသည်စခန်းများတွင်မူ ဒေသခံများက စောင့်နေရဆဲဖြစ်သည်။

အစ္စလာမ် ဘာသာဝင်များအား ခရိုင်အားကစားကွင်း၊ စာသင်ကျောင်းများတွင်ထားပြီး အပြင်ထွက်ခွင့်မပေးသေးပေ။ ဗုဒ္ဓဘာသာဝင်ဒုက္ခသည်များမှာမူ ဘုန်းတော်ကြီးကျောင်းတွင် အများစုနေထိုင်ကြပြီး အချို့မှာ သစ်ပင်အောက်များတွင် နေထိုင်လျက်ရှိသည်။

ထိုကဲ့သို့သော ပြဿနာများ ဆက်လက်မဖြစ်ပွားရန် အစိုးရအပြင် သက်ဆိုင်ရာဒေသတွင်းရှိသော ဘာသာရေးနှင့် လူမှုခေါင်းဆောင်များကပါ ထိန်းသိမ်းကူညီပေးရန်လိုကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဘီဂျေနမ်ဘီးယားက အကြံပြုသည်။

“လူမျိုးရေးကို အခြေခံတဲ့ ဒါမှမဟုတ် ဘာသာရေးကို အခြေခံတဲ့ ပဋိပက္ခမျိုးတွေဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ ကျွန်တော်တို့ လူမျိုးတွေရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ်ထိခိုက်စေတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ မေတ္တာတရား၊ ကရုဏာတရားစတဲ့ စိတ်နေသဘောထားတွေကိုလည်း အများက မေးခွန်းထုတ်လိမ့်မယ်။ အချုပ်ပြောရရင် တစ်တိုင်းပြည်လုံးအတွက် ရှက်စရာ ကောင်းပါတယ်” ဟု လူ့ဘောင်သစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။

သမိုင်းတစ်လျှောက်တွင် ထိုကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားခဲ့ဖူးသော်လည်း ဖြေလျှော့အောင် မလုပ်နိုင်ခဲ့မှုမှာ အဓိက အားနည်းချက်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌဦးခင်မောင်ဆွေက သုံးသပ်သည်။

“ဒီလိုရောယှက်နေတဲ့ နေရာမှာတော့ ပြဿနာတွေရှိတတ်ပါတယ်။ ဒါပေမဲ့လည်း ဒီနေရာမှာ လူတွေက အရမ်းစိုးရိမ်နေတယ်။ အရမ်းကြောက်နေတာတွေ တွေ့ရတယ်။ တစ်ယောက်နဲ့ တစ်ယောက် မုန်းတီးတဲ့စိတ်တော့ မတွေ့ရဘူး” ဟု ဒုက္ခသည်စခန်းများအားလှည့်လည်ကြည့်ရှုပြီးနောက် နမ်ဘီးယားက ပြောကြားသည်။

သို့သော်အစ္စလာမ်ဘာသာဝင်များ ရောယှက်နေသည့် မိတ္ထီလာမြို့ပေါ် ရပ်ကွက်များရှိ ဗုဒ္ဓဘာသာဝင်နေအိမ်များ၊ ကားများနှင့် ဆိုင်ကယ်များတွင်မူ သာသနာအလံများ ထောင်ထားခြင်းများ ပြုလုပ်ထားကြသည်ကို
တွေ့ခဲ့ရသည်။ ကြင်နာပြီး၊ ကြင်နာသနားတတ်သည်ဟု သတင်းကြီးခဲ့သော မြန်မာနိုင်ငံတွင် နိုင်ငံသားအချင်းချင်း ထိုမျှရက်ရက်စက်စက် အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့်အတွက် နိုင်ငံ့ပုံရိပ် ညှိုးနွမ်းစေခဲ့သည်။ ဒီမိုကရေစီနိုင်ငံကို ဦးတည်ဖော်ဆောင်နေချိန်တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများမှာ လုံးဝမဖြစ်သင့်ဘဲ၊ နောက်ကွယ်မှ ကြိုးကိုင်သူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဆိုပါဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားရန်၊ သွေးထိုးလှုံ့ဆော်သူများ၏ ထောင်ချောက်အတွင်း မကျရောက်ရန်မှာ နိုင်ငံသားတစ်ဦးချင်းဆီမှစကာ နိုင်ငံသားအားလုံး၏ တာဝန်ပင်ဖြစ်သည်။ ကောလဟလမျိုးစုံထွက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း တည်ငြိမ်အောင် အစွမ်းကုန်ထိန်းသိမ်းနေချိန်တွင်၊ မိမိနေထိုင်ရာ ရပ်ကွက်၊ မြို့၊ နိုင်ငံ တည်ငြိမ်အေးချမ်းရေးမှာ နိုင်ငံသားအားလုံးတွင် တာဝန်ရှိပြီး ကောလဟလများကို မယုံကြည်ဘဲ တည်ငြိမ်အေးချမ်းရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်ကြရန် ပြည်သူအားလုံး၏ တာဝန်ပင်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ပြောသည်။

"အဓိကကတော့ အားလုံးက ကျွန်တော်တို့မြန်မာတွေ၊ လူသားတွေချည်းပဲဆိုတာကို အခြေခံပြီး စဉ်းစားလိုက်ရင် အမုန်းတရားလည်း မရှိနိုင်တော့ပါဘူး" ဟု မိတ္ထီလာမြို့ခံတစ်ဦးကပင် ပြောသည်။

အမုန်းတရားများ မရှိပါလျက် ပြဿနာဖြစ်ခဲ့ကြသော်လည်း အားလုံးစိတ်ထဲတွင်မူ ယုံကြည်မှုများ ပျောက်ဆုံးသွားခဲ့ပြီး ယုံကြည်မှုပြန်လည်တည်ဆောက်ရန်မှာ အရေးကြီးဆုံးဖြစ်ပေသည်။ ။

အောင်သူရရေးသား၍ သတင်းအဖွဲ့ ပံ့ပိုးသည် - 7Day News Journal

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...