Friday, February 7, 2014

ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်နှင့် အစိုးရအဖွဲ့ ပညာရေးမူဝါဒများ ပူးပေါင်းရေး သုံးပွင့်ဆိုင်ညှိနှိုင်း

                                
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီနှင့် နိုင်ငံတော်သမ္မတရုံး ဝန်ကြီးတို့က သီးခြားစီ ရေးဆွဲထားသော ပညာရေးမူဝါဒများ တပေါင်းတစည်းတည်း ဖြစ်ရန် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပထမဆုံးအကြိမ် ဆွေးနွေးညှိနှိုင်း ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေ ၅ နာရီတွင် နေပြည်တော်ရှိ သမ္မတရုံးဝန်ကြီးဌာန (၅) ဝန်ကြီး ဦးတင်နိုင်သိန်း၏ ရုံးခန်းတွင် ဦးတင်နိုင်သိန်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပညာရေး မြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်းတို့ သုံးဦး တွေ့ဆုံခဲ့ကြကြောင်း ၎င်းကဆိုသည်။

အစိုးရသစ် လက်ထက် ပညာရေး ပြုပြင်ပြောင်းလဲရေးတွင် အရပ်ဘက် အဖွဲ့အစည်းများ အပါအဝင် ပညာရေး သုတေသန ပညာရှင်များနှင့် ဝန်ကြီးဌာန တာဝန်ရှိသူများ ပူးပေါင်းရေး အတွက် တွေ့ဆုံကြခြင်း ဖြစ်ကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။
“အတည်ပြုမှာက ဥပဒေ တစ်ခုတည်း။ ဆွဲနေတဲ့အဖွဲ့က သုံးဖွဲ့။ နောက်ဆုံးတော့ အချိန်လည်းကုန်တယ်။ လူလည်း ပင်ပန်းတယ်။ ငွေလည်းကုန်တယ်” ဟု လက်တွေ့ကျသော ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီဝင် လုပ်သက် ဆယ်နှစ်ကျော်ရှိ ပညာရေး ဝန်ထမ်းတစ်ဦးက The Voice သို့ ပြောဆိုသည်။

လက်ရှိတွင် နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲရေး ကွန်ရက် (NNER)၊ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီနှင့် နိုင်ငံတော် သမ္မတရုံး ဦးဆောင်သော လက်တွေ့ကျသည့် ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီတို့က အမျိုးသား ပညာရေးဥပဒေ (မူကြမ်း) အတွက် ပညာရေး မူဝါဒများ သီးသန့်ရေးဆွဲလျက် ရှိကြောင်း အဆိုပါ အသိုင်းအဝိုင်းထံမှ သိရသည်။

NLD ဦးဆောင်သည့် NNER က အရပ်ဘက် ကိုယ်စားလှယ်များဖြင့် ရေးဆွဲခြင်း ဖြစ်ပြီး တက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဦးစားပေး ရေးဆွဲထားခြင်းဖြစ်ကာ ပြည်သူ့လွှတ်တော် ပညာမြှင့်တင်မှု ကော်မတီနှင့် နိုင်ငံတော်သမ္မတရုံး ဦးဆောင်သည့် ကော်မတီတို့ကမူ ယင်းကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် ပတ်သက်၍ ညှိနှိုင်းနေရသော အနေအထား ရှိနေသည်။

The Voice Weekly


0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...