Sunday, June 2, 2013

Mobile Team လုပ်ငန်းများ ပြည်နယ်နှင့် တိုင်းအစိုးရသို့ လွှဲပြောင်းရန် ကြန့်ကြာ ရန်ကုန်၊ ဇွန် ၁

Sunday, June 2, 2013



တရားမဝင် မှောင်ခိုပစ္စည်းများ ဝင်ရောက်မှုကို ဟန့်တားနေသော Mobile Teamအဖွဲ့၏ လုပ်ငန်းတာဝန်များကို မေလ ၃၁ ရက်နေ့တွင် ရှမ်းပြည်နယ် အစိုးရနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရသို့ လွှဲပေးရန် စီစဉ် ခဲ့သော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရက တာဝန်လွှဲယူရန် အဆင်သင့် မဖြစ်သောကြောင့် ကြန့်ကြာနေရခြင်း ဖြစ်ကြောင်း မူဆယ်-မန္တလေးလမ်းကြောင်း မှ အဆိုပါ Mobile Team အဖွဲ့ ခေါင်းဆောင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်လတ်က ပြောကြားသည်။

မေလ ၃၁ ရက်နေ့မှ စတင်ကာ မူဆယ်-မန္တလေး လမ်းကြောင်းပေါ်ရှိ နောင်ချို အခြေစိုက်စခန်း၏ တာဝန်များကို ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ လည်းကောင်း၊ မြဝတီ-ရန်ကုန် လမ်းကြောင်းပေါ်ရှိ ဝေါမြို့ အခြေစိုက်စခန်း၏ တာဝန်များကို ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံသို့ လည်းကောင်း လွှဲပေးရန် စီစဉ်ခဲ့သော်လည်း တိုင်းဒေသကြီးများက တာဝန်လွှဲယူရန် အဆင်သင့် မဖြစ်သေးသောကြောင့် ကြန့်ကြာနေရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့လည်း တာဝန်လွှဲဖို့ စောင့်နေပါတယ်။ ခုချိန်ထိတော့ ရောက်မလာသေးဘူး။ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ထဲက ဘယ်သူရောက်လာမလဲ ဆိုတာကိုတော့ ကျွန်တော်တို့လည်း မသိ သေးပါဘူး။ အသေးစိတ်ကိုစာနဲ့ တိတိကျကျ အကြောင်းကြား ထားတာမျိုးလည်း မရှိပါဘူး” ဟု ဦးတင်လတ်ကဆိုသည်။

လက်ရှိအချိန်တွင် တာဝန်မလွှဲ ဖြစ်သေးကြောင်း၊ တိုင်းဒေသကြီးအစိုးရနှင့် အသေးစိတ်ညှိနှိုင်းဆဲ ဖြစ်ပြီး တာဝန် လွှဲနိုင်မည့်ရက် အတိအကျကိုပြောရန် ခက်ကြောင်း မြဝတီ-ရန်ကုန်လမ်းကြောင်းရှိ Mobile Team ခေါင်းဆောင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးမြင့်ကျော်က ပြောကြားသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရထံသို့ Mobile Team ၏ တာဝန်များ လွှဲပေးမည်ဆိုသည်မှာ ယခုအကြိမ်တွင် ဒုတိယမြောက်သတင်း ထွက်ပေါ်လာခြင်း ဖြစ်ပြီး ပထမအကြိမ်ကမူ ယင်းအစီအစဉ် ပျက်ပြယ်သွားခဲ့သည်။

မေလ ၂၁ ရက်မှ ၃၁ ရက်နေ့အထိကို Mobile Team နှင့်အတူ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက မှောင်ခိုကုန်သွယ်မှု တားဆီးရေးကို ပူးပေါင်း လုပ်ဆောင်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားခဲ့ပြီး ယင်းအစီအစဉ်မှာ ဇွန်လ ၁ ရက် နေ့အထိ စတင်နိုင်ခြင်း မရှိသေးကြောင်း မူဆယ်-မန္တလေး လမ်းကြောင်းနှင့် မြဝတီ-ရန်ကုန် Mobile Team လမ်းကြောင်း အဖွဲ့ခေါင်းဆောင်များက ပြောကြားသည်။

တရားမဝင်ကုန်ပစ္စည်း တားဆီးရေးအဖွဲ့ (Mobile Team) များကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဖွဲ့စည်းခဲ့ပြီးနောက် တရုတ်-မြန်မာနယ်စပ်နှင့် ထိုင်း-မြန်မာ နယ်စပ်မှ မှောင်ခိုကုန်သွယ်မှုကို တင်းကျပ်စွာ တားဆီးခဲ့ပြီး ဒေသခံ ကုန်သည်များ အတွက် တစ်ဦးချင်း ကုန်သွယ်ခွင့်ကတ်များ ထုတ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးခဲ့သည်။

The Voice Weekly

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...