Sunday, June 2, 2013

၅၀၀၀ တန်အတု တရားခံ လွှဲပြောင်းပေးရန်မရှိဟု ကေအိုင်အိုဆို

Sunday, June 2, 2013


မြစ်ကြီးနား၊ ဇွန် ၁

မြစ်ကြီးနားတွင် ဖမ်းမိခဲ့သော ၅၀၀၀ တန် အတုအမှုတွင် ပါဝင် ပတ်သက်သည့် ကေအိုင်အိုမှ အရာရှိနှစ်ဦးကို အစိုးရထံသို့ လွှဲပြောင်းပေးရန် အစီအစဉ်မရှိကြောင်း ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က The Voice သို့ ပြောကြားသည်။

“ကေအိုင်အိုမှာ ကိုယ်ပိုင် တရားစီရင်ရေးရှိလို့ လွဲပြောင်းပေးဖို့ မဖြစ်နိုင်ပါဘူး” ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။

တရားခံကို လွဲပြောင်းပေးရန် အစီအစဉ် မရှိသော်လည်း အစိုးရထံမှ လာရောက် စစ်ဆေးရန် တောင်းဆိုပါက ခွင့်ပြုသွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ထပ်ဆင့် ပြောကြားသည်။

ကေအိုင်အို နိုင်ငံခြားဆက်ဆံရေး ဌာနမှ အရာရှိတစ်ဦးနှင့် ကေအိုင်အိုမြို့နယ် အုပ်ချုပ်ရေး အရာရှိတစ်ဦးတို့က အဆိုပါ ၅၀၀၀ တန်အမှုတွင် ပါဝင်ပတ်သက်ခဲ့ကြခြင်း ဖြစ်ပြီး တစ်ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ တွင် ဖမ်းဆီးထားကာ ကျန်တစ်ဦးကို ကေအိုင်အိုတွင် ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း ဗိုလ်ချုပ်ဂွမ်မော်၏ ပြောပြချက်အရ သိရသည်။

မြစ်ကြီးနားမြို့ ရှင်းရှန်းဟိုတယ်တွင် ဧပြီလ နောက်ဆုံးပတ်က ကျပ် ၅၀၀၀ တန်အတု ကျပ်သိန်း ၂၇၀ ကျော်နှင့် တရားခံ သုံးဦးကို ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ပြီး ၎င်းအမှုတွင် အဆိုပါ ကေအိုင်အို အရာရှိနှစ်ဦးပါဝင် ပတ်သက်ခဲ့ကြခြင်း ဖြစ်သည်။

၅၀၀၀ ကျပ်တန် အတုများကို ဧပြီလ တစ်လတည်းတွင် မြစ်ကြီးနား၊ မန္တလေး၊ မြဝတီ၊ မှော်ဘီ၊ အင်းစိန် စသည့် မြို့တို့တွင် ဖမ်းဆီးရမိခဲ့သည်။

The Voice Weekly

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...