Monday, June 3, 2013

ရတနာပုံတယ်လီပို့ရှိ ဆက်သွယ်ရေးဝန်ကြီး ဌာနပိုင်ရှယ်ယာများ ပြန်ထုတ်ယူမည်

Monday, June 3, 2013


ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် မိုဘိုင်းအော်ပရေတာ ဖြစ်လာမည်ဖြစ်သော ရတနာပုံတယ်လီပို့ ကုမ္ပဏီတွင်ရှိသည့် ဆက်သွယ်ရေးဝန်ကြီးဌာနပိုင် ရှယ်ယာများကို ပြန်လည်ထုတ်ယူသွားမည်ဖြစ်သည်ဟု ဆက်သွယ် ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးသောင်းတင် က ပြောကြားသည်။

အဆိုပါရတနာပုံတယ်လီပို့ကို အများပိုင် ကုမ္ပဏီအဖြစ် မကြာမီတွင် ပြောင်းလဲသွားမည် ဖြစ်ရာ ယင်းကုမ္ပဏီရှိ ဝန်ကြီးဌာနပိုင်ရှယ်ယာများကို ကုမ္ပဏီအများပိုင်ပြောင်းလဲပြီး မကြာမီတွင် ထုတ်ယူသွားရန် စီစဉ်ထားခြင်းဖြစ်သည် ဟု ဒုဝန်ကြီးက ပြောကြားခြင်းဖြစ်သည်။

ထုတ်ယူမည့်အချိန်ကို အတိအကျပြောကြားထားခြင်း မရှိသေးဘဲ အစိုးရပိုင်ရှယ်ယာများကို အော်ပရေတာများတွင် ပါဝင်၍မရသောကြောင့် ထုတ်ယူသွားမည်ဖြစ်ရာ ယင်းကုမ္ပဏီ သည် မြန်မာလုပ်ငန်းရှင်များပါဝင်သည့် အများပိုင်ကုမ္ပဏီတစ်ခုဖြစ်လာမည်ဟုလည်း ဒုဝန်ကြီးက ပြောသည်။

ဦးသောင်းတင်က ''ရတနာပုံတယ်လီပို့က ရှယ်ယာတွေကို ထိုက်သင့်တဲ့အချိန်မှာ နုတ်ထွက်သွားမှာပါ။ ဥပဒေတွေရှိပြီးသား။ အစိုးရပိုင် ဆုရှယ်ယာတွေကို အောပ်ရေတာလေးခုမှာ ဟိုဘက်မှာလည်းပါမယ်၊ ဒီဘက်မှာလည်း ရှယ်ယာပါမယ်ဆိုပြီး လုပ်သွားလို့မရဘူး။ အဲဒါ ကြောင့် ဥပဒေအတိုင်းပဲ လုပ်သွားမှာပါ'' ဟု ပြောသည်။

ပြည်တွင်းတွင် မိုဘိုင်းဖုန်းလုပ်ငန်းများ အော်ပရေတာအဖြစ် လုပ်ကိုင်ရန် ကုမ္ပဏီလေးခုကို ရွေးချယ်သွားမည်ဖြစ်ကာ ယင်းကုမ္ပဏီထဲတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ကိုယ်ပိုင်ဘတ်ဂျက်ဖြင့် သီးခြားရပ်တည်မည့် ကုမ္ပဏီနှင့် ရတနာပုံတယ်လီပို့ကုမ္ပဏီတို့ ပါဝင်မည်ဖြစ်သည်။ လက်ရှိတွင် ရတနာပုံတယ်လီပို့ကုမ္ပဏီ အနေဖြင့် အများပိုင်ကုမ္ပဏီအဖြစ် မပြောင်းလဲရသေးဘဲ မကြာခင်ပြောင်းလဲသွားရန်ရှိသည်ဟု ရတနာပုံကုမ္ပဏီလီမိတက်၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဝင်းက ပြောသည်။

ဦးတင်ဝင်းက ''ကုမ္ပဏီကို အများပိုင်အဖြစ် ပြန်ပြောင်းဖို့က လောလောဆယ်တော့ ဘာမှမလုပ်ရသေးပါဘူး။ ဘာမှမဆုံးဖြတ်ရသေးဘူး။ အများပိုင်အဖြစ် ပြောင်းမယ်ဆိုတာကတော့ ဆုံးဖြတ်ပြီးသား။ မနေ့တစ်နေ့ကပဲ အဲဒီကိစ္စတွေလုပ်ဖို့ အမိန့်ကျတယ်။ နာမည်တွေ ပြောင်းလဲတဲ့ကိစ္စတွေ၊ အစုရှယ်ယာကို ပြည်သူလူထုကို ပြန်ရောင်းမယ့်ကိစ္စတွေကတော့
လောလောဆယ် မဆုံးဖြတ်ရသေးလို့ အသေးစိတ်ပြောလို့ မရသေးပါဘူး'' ဟု ဇွန် ၂ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

မိုဘိုင်းအော်ပရေတာလုပ်ငန်း လုပ်ကိုင်မည့် ပြည်ပကုမ္ပဏီနှစ်ခုကို ဇွန် ၂၇ ရက်တွင် အပြီးသတ်ရွေးချယ်မည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနမှ တရားဝင်ပြောကြားထားပြီးဖြစ်ကာ နောက်ဆုံးအဆင့်
ရွေးချယ်ရန် ပြည်ပကုမ္ပဏီ ၁၂ ခု အထိ ပဏာမရွေးချယ်ထားသည်။

ယင်းပမာဏရွေးချယ်ထားသည့် ကုမ္ပဏီ ၁၂ ခုမှ ဗြိတိသျှအခြေစိုက် Vodafone အုပ်စုနှင့် China Mobile အုပ်စုတို့ နုတ်ထွက်သွားခဲ့သည်။ နုတ်ထွက်ရခြင်းအကြောင်းရင်းကို မသိရသော်လည်း ဆက်လက်တင်ပြရမည့် အဆိုပြုချက်များကို ထပ်မံတင်ပြခြင်းမရှိတော့ဘဲ နုတ်ထွက်သွားခြင်း ဖြစ်သည်။

အော်ပရေတာ လုပ်ကိုင်ခွင့်ပေးရာတွင် ၁၅ နှစ်လုပ်ခွင့်ပေးမည်ဖြစ်ပြီး လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများသည် မိုဘိုင်းဖုန်းချပေးရန် Frequency Licence Fees ကို ၁၅ နှစ်စာဝယ်ယူ ရမည်ဖြစ်သည်။

ချိုကို | by Mizzima - News in Burmese

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...