Thursday, October 3, 2013

ရန်ကုန်မြို့လယ်မှာတပ်သိမ်းမြေပြန်လည် ရရှိ ရေး သပိတ်စခန်းဖွင့်လှစ် တောင်းဆို


             

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန် အပိုင်း ၁-၂-၃ က ပြည်သူတွေဟာ ရပ်ကွက်လိုက်အသိမ်းခံထားရတဲ့ သူတို့ရဲ့ဘိုးဘွားပိုင်မြေနေရာပြန်ရဖို့ မြို့ တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံနားမှာ ဒီနေ့ မနက်ကစပြီး သပိတ်စခန်း ဖွင့်တောင်းဆိုနေကြပါတယ်။

ဒီမြေတွေပြန်ပေးဖို့  ၇ ကြိမ် တောင်းဆိုခဲ့ပေမဲ့ သက်ဆိုင်ရာက မလိုက်လျောတဲ့အတွက် အခုလို သပိတ်စခန်းဖွင့်တာဖြစ်တဲ့အကြောင်းနဲ့  ရဲအရာရှိတချို့ လာတားတဲ့အကြောင်း ဆန္ဒပြပွဲဦးဆောင်သူ ဦးစိန်သန်းရဲ့သမီး မနေနွယ်သန်းက RFA ကိုပြောပါတယ်။

“အာဏာပိုင်တွေဘက်ကနေ တစုံတရာအကြောင်းပြန်မှု မရှိတဲ့အတွက် ကျမတို့ဘက်ကနေ ဒီသပိတ်စခန်းဖွင့်လိုက်ရတာပါ၊ ပိုဆိုးသွားတာတော့ ကျမတို့ဘိုးဘွားပိုင်မြေတွေကို ဘုရားက အစကဖူးခွင့်ပေးထားတယ်၊ အခုကျတော့ ဘုရားကိုပါ ခြံစည်းရိုးခတ်ပြီးတော့ တပ်ပိုင်မြေဆိုပြီးတော့ ဘုရားမြေကိုပါလုပ်လိုက်တယ်၊ တရပ်ကွက်လုံးကို တပ်မတော်ပိုင်မြေကနေ တပ်စည်ပင်ပိုင်မြေဆိုပြီး ထပ်ပြောင်းလိုက်တဲ့အတွက် သပိတ်စခန်းဖွင့်ပြီး တောင်းဆိုရတာဖြစ်ပါတယ်၊ အခုကျမတို့တောင်းနေတာက အပိုင်း ၁၊ ၂၊ ၃ ပေါ့နော်၊ ၁ ရယ် ၂ ရယ်မှာ ဗိုလ်မှူးတချို့က စိုက်ခင်းတွေဌားစားထားတယ်၊ ၃ အပိုင်းက ခရိုနီတချို့က ကွန်ဒိုတွေဆောက်ပေးနေတာတော့ရှိတယ်၊ ကျောက်တံတားရဲစခန်းက ရဲတွေကမနက်ကလာတားတယ်၊ အခုသင်္ဃန်ကျွန်းမြို့နယ် ရဲစခန်းမှူးက အခုလာတားနေတယ်”

ဒီနေ့ ဆန္ဒပြပွဲမှာ မိချောင်းကန်ပြည်သူတွေ ရာနဲ့ချီပါဝင်ပါတယ်။ ညနေပိုင်းမှာတော့ ဆန္ဒပြပြည်သူတွေထဲက ကိုယ်စားလှယ် ၁၀ ဦးကို သက်ဆိုင်ရာက မြို့ တော်စည်ပင်သာယာရေးကော်မတီရုံးကိုခေါ်သွားပြီး ဆွေးနွေးညှိနှိုင်းတဲ့အခါ၊ မြေပိုင်ဆိုင်ကြောင်း အထောက်အထားဂရန်ပြဖို့ ပြောတယ်လို့  သိရပါတယ်။ အရင်အစိုးရအဆက်ဆက်ကာလမှာ ဂရမ်ပြန်လျှောက်ရင် အတော့်ကိုခက်ခဲတဲ့အတွက် မိချောင်းကန်ရပ်ကွက်သားတွေမှာ ဂရမ်ပြနိုင်ဖို့မလွယ်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် သူတို့မြေပြန်မရမချင်း ဆန္ဒပြမယ်လို့ ဆိုပါတယ်။

သူတို့ ရပ်ကွက်ကို ၁၉၉၀ ခုနှစ်မှာ စစ်တပ်က သိမ်းထားတာဖြစ်ပြီး၊ တချို့ဒေသခံတွေကို လှိုင်သာယာမှာ မြေနေရာတွေရောင်းချပေး ခဲ့ပြီး တချို့ဒေသခံတွေကိုတော့ ပဲခူးရိုးမအစပ်ကို ပြောင်းရွှေ့ခဲ့တယ်လို့ ပြောပါတယ်။

အခုလိုတောင်းဆိုဆန္ဒပြမှုတွေကြောင့် အရင်ကဆန္ဒပြပွဲတွေကိုခေါင်းဆောင်တဲ့ ဦးစိန်သန်းနဲ့  ကိုကျော်လွင်တို့ကို ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမှုနဲ့  အာဏာပိုင်တွေကတရားစွဲခဲ့သလို၊ သူတို့ကိုကူညီတဲ့ ကိုထင်ကျော်ကိုလည်း ဖမ်းဆီးအရေးယူထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ မြေအသုံးချမူစီမံခန့်ခွဲရေးကော်မတီ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီးဦးရဲထွဋ်က သင်္ကန်းကျွန်းမိကျောင်းကန်ရပ်ကွက်တွေမှာ သိမ်းထားတဲ့မြေတွေကို သက်ဆိုင်ရာ ၀န်ကြီးဌာန တွေက ဆက်လက်အသုံးပြုဖို့ အထောက်အထားအခိုင်အမာမရှိရင် ပြန်ပေးရမှာဖြစ်ကြောင်း ပြောဆို ထားပါတယ်။

RFA Burmese 

NLD ( အမျိုးသားဒီမိုကရေးစီအဖွဲချုပ် ) ကဖွဲစည်းပုံပြင် ရေး လူထုဆန္ဒခံယူပွဲ စတင်တော့မည်


             

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မလား၊ အသစ်ရေးဆွဲမလားဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူ့ဆန္ဒသဘောထား ရယူပွဲတွေကို  မြန်မာပြည်အနှံ့ ခရိုင်၊ မြို့ကြီးတွေနဲ့  မြို့နယ်တွေမှာ မကြာခင် စတင်ကျင်းပတော့မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

အောက်တိုဘာလလယ်ကစပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် လူထု သဘောထားအမြင်တွေကို တတိုင်းပြည်လုံးမှာ အဖွဲ့ ၇ ဖွဲ့ခွဲ လုပ်ဆောင်သွားမယ်လို့ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းအတွက် တာဝန်ယူလုပ်ဆောင်မယ့် အန်အယ်လ်ဒီပါတီက ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဝင်  ရှေ့နေကြီးဦးကိုနီက ပြောပါတယ်။

“လူထုကြားထဲအထိ ရှင်းပြမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘာလဲ၊ တိုင်းပြည်အတွက် ဘယ်လောက်အရေးကြီးသလဲ၊ ဒီမိုကရက်တစ်ဖွဲ့စည်းပုံအခြေခံဥပဒေတခုရဲ့ စံနှုန်း ၂ ခုပေါ့။ လူထုဆန္ဒပါရမယ်၊ နိုင်ငံတော်အာဏာ ပြည်သူလူထုကို အပ်တာ ဖြစ်ရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံဟာ ဒီ ၂ ခုလုံးနဲ့ မညီဘူး။ စရေးကတည်းက လူထုဆန္ဒမပါဘူး၊ လူထုဆန္ဒကို အခြေမခံဘူး၊ နိုင်ငံတော်အာဏာကို ပြည်သူလူထုကို မအပ်ဘူး။ ဒီအကြောင်း ၂ ခုကြောင့် ကျနော်တို့ ဒါကို ပြန်ပြီးတော့ ပြင်ချင်တယ်။ ပြင်ဆင်ဖို့ကိစ္စမှာ အင်မတန်ခက်ခဲတဲ့ ကိစ္စတွေနဲ့ ရင်ဆိုင်ရမယ်။ ဒါ့အပြင် ပြင်ရမယ့်အချက်အလက်တွေကလည်း အလွန်များတယ်။ အဲဒါကြောင့် ပြင်တဲ့နည်းနဲ့အသစ်ရေးတဲ့နည်း ဘယ်နည်းကို လူထုက ကြိုက်သလဲ ရွေးကြပါလို့ ကျနော်တို့က ပြောမယ်။”

ခရိုင်၊ မြို့ကြီးတွေနဲ့ မြို့နယ်တွေမှာ ပြည်သူကို ဘယ်ပုံ၊ ဘယ်နည်း ချပြကြမလဲဆိုတဲ့ အသေးစိတ်တွေကိုတော့ ဆွေးနွေးကြတုန်းဖြစ်တဲ့အကြောင်းနဲ့ ဒီဆန္ဒခံယူပွဲတွေကို  လာမယ့် နိုဝင်ဘာလ နောက်ဆုံးထားပြီး ပြီးစီးအောင်ဆောင်ရွက်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ပြည်သူဆန္ဒသဘောထား ရယူမယ့်အလုပ်ဟာ ဒီလောက်အချိန်တိုအတွင်း ဖြစ်နိုင်ပါမလားဆိုတော့ ဦးကိုနီက “ဒီလောက်အချိန်တိုအတွင်းပြည်သူ့သဘောထား ထိထိမိမိရယူဖို့တော့ မလွယ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် မှာတာက ဆန္ဒခံယူပွဲလည်းမဟုတ်ဘူး၊ လူထုကြားထဲကို ဆင်းမယ်၊ ပြောပြမယ်၊ လူထုဘက်က တုံ့ပြန်မယ့်အသံကို နားစွင့်မယ်။ ဒီအပေါ်မှာ အခြေခံပြီး တင်ပြမယ်။ သူက ဒီလောက်ပဲ ပြောတာပါ။ အသေးစိတ်ကျကျ လူထုဆန္ဒကို တိတိကျကျကောက်မယ်ဆိုတဲ့ သဘောမျိုးမဟုတ်ပါဘူး” လို့ ပြောပါတယ်။

အဖွဲ့ချုပ်က ကောက်ခံရယူတဲ့  ပြည်သူ့ဆန္ဒတွေကို လွှတ်တော် ၂ ရပ်က ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီထံ ဆက်လက် ပေးပို့သွားမှာဖြစ်ပြီး၊ ကော်မတီက ဒီဇင်ဘာလအကုန် လွှတ်တော်ထံ အစီရင်ခံတင်ရမှာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်းအတွက် ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲကို  ၂၀၀၈ ခုနှစ် မေလ နာဂစ်မုန်တိုင်းဘေးခံနေရချိန်မှာ ကျင်းပခဲ့တာဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်းရဲ့ ၉၂ ရာခိုင်နှုန်းကျော်ရဲ့ ကောက်ခံမှုရရှိခဲ့တယ်လို့ အတည်ပြုခဲ့တယ်လို့ အရင် နအဖစစ်အစိုးရက ကြေညာထားတာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒီဖွဲ့စည်းပုံမှာ ဒီမိုကရေစီနည်းမကျတာတွေ ပါဝင်နေတယ်ဆိုပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က  ဖွဲ့စည်းပုံကို ပြင်မလား၊ အသစ်ဆွဲမလားဆိုတာကို ပြည်သူ့ဆန္ဒခံယူမယ်လို့  ကြေညာခဲ့တာ ဖြစ်ပါတယ်။

by ရွှေအောင် (ဒီဗွီဘီ) 

ဆင်ယင်ပြသမှု ကန့်သတ်ရေး အက်ဥပဒေ တွင် ဗိုလ်ချုပ်ပုံသုံးပြီး ဆန္ဒပြရင် အရေးယူမည့်ပုဒ်မပါသည့် ဥပဒေကြမ်း အတည်ပြု


         

ဗိုလ်ချုပ်အောင်ဆန်းပုံ အသုံးပြုပြီး ဆန္ဒပြရင် အရေးယူမယ့်ပုဒ်မပါဝင်တဲ့ ဥပဒေကြမ်းကို အောက်တိုဘာ ၂ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

၁၉၅၄ ခုနှစ် နိုင်ငံတော် အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) အက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံကို ဆန္ဒပြရာမှာ အသုံးပြုရင် အရေးယူမယ့် ပုဒ်မအပါအဝင် ပုဒ်မ ၁၀ ခုပါ ဥပဒေကြမ်းကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးတင်မောင်ဦးက ၁၉၅၄ ခုနှစ် နိုင်ငံတော် အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) အက်ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီဥပဒေကြမ်းမှာ ဗိုလ်ချုပ်အောင်ဆန်းပုံကို ဆန္ဒပြတဲ့နေရာတွေမှာ သုံးစွဲရင် တရားဝင် အသင်းအဖွဲ့မဟုတ်တဲ့ အခြားသူ ဖြစ်ရင် ထောင်ဒဏ် ၁ နှစ်ဖြစ်စေ၊ ကျပ်ငွေ ၅ သောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမှာဖြစ်ပြီး တရားဝင် အသင်းအဖွဲ့ ဖြစ်ရင်တော့ ငွေကျပ် ၁ သိန်းထက် မပိုသောငွေဒဏ် ချမှတ်ခြင်း ခံရမယ်လို့ ပါရှိပါတယ်။

by ဒီဗွီဘီ  

ရေကြီးရေလျှံမှုများကြောင့် ကလေးမြို.တွင် လူအသေပျောက်များ ရှိ

 

             

    မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် စက်တင်ဘာ လကုန်ပိုင်းခန့်က တောင်ကျချောင်းရေများမှ တစ်ဆင့် မြစ်သာမြစ်၊ နေရဉ္စရာ မြစ်အတွင်း စီးဝင်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ လူသုံးဦး ပျောက်ဆုံးပြီး တစ်ဦးသေဆုံး စာရင်းဖွင့်ထားကြောင်း ကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က The Voice သို့ အတည်ပြု ပြောကြားသည်။
“စန်းမြို့ရပ်ကွက်က လင်မယား နှစ်ယောက်က ကျီကုန်းဘက်မှာ ဆိုင်ကယ်နဲ့လာရင်း မျောသွားတာ။ အခုထိ ပြန်မတွေ့သေးဘူး။ နောက်စခန်းကြီးရွာက အမျိုးသမီးတစ်ဦးလည်း ဖောင်ကူးဘက်မှာ မျောသွားတာ ပြန် မတွေ့သေးဘူး။ သူတို့ကို ပျောက်ဆုံးဖွင့်ထားတယ်။ ဆင်ရွာဘက်က တစ်ဦးကတော့ ဆည်ကြီးချောင်းမှာ ရေဆင်းကူးရင်း သေသွားတယ်” ဟု ဦးအေးနိုင်က ဆိုသည်။

ကလေးမြို့နယ်၊ နတ်ကြီးကုန်း ကျေးရွာအနီး ဘုံးချောင်းနံဘေးရှိ တောင်ယာ အခင်းတဲ အလုံး ၄၀ ခန့်မှာလည်း ချောင်းရေကြောင့် မျောပါသွားပြီး အနည်းဆုံး လူသုံးဦး ပါသွားကြောင်း ယင်းချောင်းအနီး တွင် နေထိုင်သူများထံမှ သိရသည်။

ကလေးမြို့ မြောက်ပိုင်းတွင်လည်း စခန်းကြီးကျေးရွာမှ တစ်ဦး၊ နန်းဗဟိုရ် ကျေးရွာမှတစ်ဦးနှင့် ကံသာယာကျေးရွာမှ လေးဦး တို့မှာ ပျောက်ဆုံးနေပြီး စခန်းကြီးကျေးရွာမှ ပျောက်ဆုံးသူမှာ အလောင်းပြန်လည် ရရှိကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ကလေးမြို့ အနောက်မြောက်ပိုင်းရှိ ဆည်ကြီးချောင်းတံတား၊ နတ်တံခါးချောင်းတံတား၊ မြို့အလယ်တွင် ဖြတ်သန်း စီးဆင်းသော ဥပုသ်ချောင်းကူး ဆိပ်ကမ်းသာတံတား၊ ကလေး-ဂန့်ဂေါလမ်းပေါ်ရှိ နန်းကလိန် ချောင်းတံတားနှင့် စိုင်ဒူးတို့မှာလည်း ချောင်းရေ တိုက်စားမှုကြောင့် ပျက်စီးခဲ့ကြောင်း၊ ရပ်ကွက် ကျေးရွာအုပ်စု (၁၈) အုပ်စုမှ လယ်မြေဧက ၆၈၇၈ ဧက ရေဖုံးလွှမ်းခဲ့ပြီး ကလေးမြို့ပေါ်တွင် ရေဘေးကြောင့် လူ ၄၀၇၅ ဦးနှင့် ကျေးရွာများမှ ၂၁၁၆ ဦးတို့ ဒုက္ခရောက်ရှိခဲ့ပြီး ကယ်ဆယ်ရေးစခန်း ခြောက်ခုဖွင့်ကာ ကူညီပေးနေကြောင်း မြို့နယ် စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။

မြတ် (ကလေး)

The Voice Weekly 

Wednesday, October 2, 2013

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုနည်းပါးခြင်း သည် အစိုးရ၏အားနည်းချက်ကြောင့် ဟု ဒေါ်အောင်ဆန်းစုကြည်ဆို


            

မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေရေးဆွဲ ပြဋ္ဌာန်းခဲ့သော်လည်း အစိုးရ အားနည်းချက်ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမှု နည်းပါး နေသေးကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဝေဖန်ပြောကြားသည်။

အောက်တိုဘာလ ၁ ရက်နေ့တွင် ပြန်လည် ကျင်းပပြုလုပ်သည့် ပြည့်သူ့လွှတ်တော် အစည်းအဝေးအပြီး သတင်းမီဒီယာ များနှင့် တွေ့ဆုံစဉ် ၄င်းကယင်းသို့ ဝေဖန်ပြောကြားခဲ့ခြင်း ဖြစ်သည်။
"အစိုးရဝန်ကြီးဌာန တွေနဲ့ လုပ်ရတာ သိပ်နှေးတယ်။ အားမရဘူးတဲ့။ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာပေါ့။ နောက်တစ်ခု က Infrastructure ၊ အခြေခံ အဆောက်အဦပေါ့။ သိပ်အားနည်းတယ်။ သူတို့မှာ စက်ရုံတွေတင် မကဘူး။ လမ်းပါဆောက်ရမယ် ဆိုတော့ ဒီလောက်အထိ မလုပ်ချင်ဘူး" ၄င်းကပြောဆိုသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေမှာ တိုးတက်မှု မရှိသေးသည့်အပြင် အခြေခံလူတန်းစားများ အနေဖြင့် ပိုမိုဆင်းရဲမှုများ ရှိလာကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်း ပြောကြားသည်။

ယင်းကဲ့သို့ စီးပွားရေး ဖွံ့ဖြိုးမှု အားနည်းနေချိန်တွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကို စောင့်ဆိုင်းမနေသင့်ဘဲ ပြည်တွင်းလုပ်ငန်း များကို အားထည့် လုပ်ကိုင်စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က အကြံပြုသည်။

လတ်တလောတွင် မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေအတွက် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း များဖြစ်သော စီမံကိန်းများကို လုပ်ကိုင်ရမည့် အချိန်အခါဖြစ်ပြီး ယင်းစီမံကိန်းများသည် အားနည်းချက်များ ရှိနေကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ စီးပွားရေးအခြေအနေ သည်လည်း တိုးတက်မှု မရှိသော အကျိုးဆက်ကို ရရှိနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
"ADB ကနေပြီး ၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်မှုရှိတယ် ဆိုတာကိုလည်း တချို့စီးပွားရေး ပညာရှင်တွေက အဲဒါကို မေးခွန်းထုတ်တယ်။ အဲဒါကို မရှိဘူးပေါ့" ဟု ၄င်းကဝေဖန်သည်။

စီးပွားရေးလုပ်ငန်း တိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုတို့သည် တရား ဥပဒေစိုးမိုးရေး အပါအဝင် တည်ဆဲဥပဒေ များနှင့် တိုက်ရိုက် သက်ဆိုင်နေသော ကြောင့် လုပ်ငန်းရှင်များ အနေဖြင့်လည်း စဉ်းစားတွေးခေါ်မှုများ ရှိနေကြောင်း ၄င်း၏ ပြောကြားချက်အရ သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ ဆက်သွယ် မေးမြန်းရာ မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ အတည်ပြုပြဋ္ဌာန်း ပြီးနောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံထိ မြင့်တက်လာကြောင်း ယင်းဌာနမှ ညွှန်ကြားရေးမှူးက ပြောကြားသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သုံးဘီလီယံထိ မြှင့်တင်ရန် စီစဉ် လျက်ရှိကြောင်း ၄င်းကဆိုသည်။
"ကျွန်တော်က ဘာမှထွေထွေထူထူး ပြောစရာမရှိပါဘူး။ ကိန်းဂဏန်းတွေ အရပဲ ပြောချင်တယ်" ဟု ၄င်းက တုံ့ပြန်ပြောကြားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြီးခဲ့သည့် ဆဋ္ဌမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြု ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly 

သံတွဲဖြစ်ပွား သော ပဋိပက္ခတွင် ၅ ဦးသေ၊ ၄ ဦးဒဏ်ရာရ၊ တဦးပျောက်ဆုံးနေ


           

ရခိုင်ပြည်နယ် သံတွဲမြို့တွင် စက်တင်္ဘာလ ၂၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော  ပဋိပက္ခမှာ နယ်ကျေးရွာများသို့ ကူးစက်ပျံ့နှံ့သွားပြီး ယခုအခါ သေဆုံးသူ  (၅) ဦး၊ ဒဏ်ရာရသူ (၄) ဦး ရှိပြီး  (၁) ဦး ပျောက်ဆုံးနေသည်ဟု သတင်းရရှိသည်။

သံတွဲဆေးရုံသို့ အလောင်း (၅) လောင်း ရောက်ရှိလာသည်ဟု  ဆေးရုံမှ ၀န်ထမ်း တစ်ဦး ဖြစ်သူ ကိုအောင်ကျော်လေးက နိရဉ္စရာသို့ ပြောသည်။

“ကျွန်တော်တို့ သံတွဲဆေးရုံကို ဒဏ်ရာရတဲ့သူ ၄ ဦး နဲ့ အလောင်း ၅ လောင်းရောက်ပါတယ်။ ဒဏ်ရာရတဲ့သူတွေကတော့ ဗုဒ္ဓဘာသာတွေဖြစ်ပြီးတော့ အလောင်း ၅ လောင်းကတော့ မူဆလင်တွေ ဖြစ်ပါတယ်။ ပျောက်နေတဲ့သူကတော့ ဗုဒ္ဓဘာသာဝင် ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

သေဆုံးသူ ၅ဦးမှာ သံတွဲမြို့နယ် သဗြုချိုင်ကျေးရွာမှ ဖြစ်သည်ဟု ကမန်အမျိုးသားတဦးဖြစ်သူ ကိုဇော်ကြည်က နိရဉ္စရာသို့ ပြောသည်။

“ သေဆုံးသူက ၆ဦး ၇ဦး ရှိပါတယ်။ နာမည်တွေကတော့ အတိအကျ မသိရပါ။ သေတဲ့ သူတွေ ကလည်း မူဆလင်ဘက်ကပါ။ အဲဒီရွာတွေမှာ ဒဏ်ရာရသူတွေကလည်း မူဆလင်ဖက်ကပါ။ နှစ်ဖက် အပြန်အလှန် ဖြစ်တာ မဟုတ်ပါဘူး။ အကြမ်းဖက်အဖွဲ့တွေက ရွာကိုဝင်စီးပြီး မီးရှို့ ဖျက်ဆီးတာမှာ သေဆုံးသွားတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

သေဆုံးသူ ၆ ဦး ၇ ဦး ရှိသည်ဟု ပြောဆိုသော်လည်း သံတွဲဆေးရုံကို အလောင်း ၅ လောင်းသာ ရောက်ရှိလာသည်ဟု ကိုအောင်ကျော်လေးက ဆိုသည်။

သေဆုံးသူများမှာ ဒေါ်အေးကြည် (၉၄)နှစ်၊ အဒူမီယာ (၅၅)နှစ်၊ အဒူစမတ် (၈၅)နှစ်၊ ဦးခင်နိုင် (၄၅)နှစ်၊ မြင့်လွင် (၄၅)နှစ်တို့ ဖြစ်ကြသည်ဟု ဆိုသည်။

သို့သော် လူသေဆုံးမူနှင့် ပတ်သက်ပြီး သံတွဲရဲစခန်း၏ အတည်ပြုချက်ကို ရယူနိုင်ခြင်း မရှိသေးပါ။

ဒဏ်ရာရရှိသူများမှာ ဆိုင်ကယ်ဖြင့် ခရီးသွားလာရာတွင် လမ်းခရီး၌ မူဆလင် ရွာသားများက ၀ိုင်းရိုက်သဖြင့် ဒဏ်ရာရရှိ ခြင်းဖြစ်သည်ဟု ကိုအောင်ကျော်လေးက ပြောသည်။

“ ဒဏ်ရာရတဲ့သူ ရခိုင် ၄ ယောက်နဲ့ ပျောက်ဆုံးနေတဲ့ တစ်ယောက်ကတော့ နှင်းဆီရွာမှာ အရိုက်ခံရတာ ဖြစ်ပါတယ်။ သူတို့တွေက ခရီးသွားတွေပါ။  တောင်ကုတ်ကနေ သံတွဲကို ဆိုင်ကယ် ၃ စီးနဲ့လူငါးယောက် ဖြတ်လာတဲ့အခါ နှင်းဆီရွာက မူဆလင် လူအုပ်တွေက ဆိုင်ကယ်ကို ဖြတ်ရိုက် ကြတယ်။ ၄ ဦးက ဒဏ်ရာရပြီးတော့ တဦးပျောက်ဆုံး နေတယ်” ဟု ဆိုသည်။

နှင်းဆီမူဆလင်ကျေးရွာမှာ ရွှေလှေရဲစခန်း အနီးအနားတွင် တည်ရှိပြီး အခင်းဖြစ်ပွားပြီးနောက် ရဲစခန်းမှ လာရောက်စဉ် လူအုပ်စုမှာ ထွက်ပြေးသွားကြသည်ဟု သိရသည်။

ဒဏ်ရာရရှိသူများမှာ ဦးသောင်းရွှေ အသက် (၄၀)နှစ် သင်းပန်းချိန်ရွာ တောင်ကုတ်မြို့နယ်၊ ဦးရန်နိုင် အသက် (၃၈)နှစ် အံတော်ရပ်ကွက် သံတွဲမြို့၊ ဦးမြသိန်း အသက် (၄၈)နှစ် ကျောက်ဖြူ၊ လင်းလင်းထွန်း အသက် (၂၆)နှစ် ဇီးဖြူကုန်းရွာ သံတွဲတို့ဖြစ်ကြသည်။

ပျောက်ဆုံးနေသူမှာ မောင်မောင်ဝင်း (ခ) ဖိုးတာ အသက် (၂၀)တို့ဖြစ်ကြောင်း သိရသည်။

ယခုအခါ သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ ၊ အခင်းဖြစ်ပွားရာ အပိုင် ရွှေလှေရဲစခန်း စခန်းမှူး ဦးတင်မောင်လွင်နှင့် အဖွဲ့ ပါဝင်သော လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအ၀င် အနည်းဆုံး လုံခြုံရေး အင်အား ၆၀ ခန့်က ပဋိပက္ခ မပြန့်ပွားစေရန်နှင့် နယ်မြေလုံခြုံရေးရရှိရန် ဆောင်ရွက်နေသော်လည်း လုံခြုံရေး အင်အား လုံလောက်မှုမရှိကြောင်း သိရှိရသည်။


(နိရဉ္စရာ- ၂ အောက်တိုဘာ ၂၀၁၃) / မောင်ရမ္မာ 

ဓားသရမ်းသူများအား ရဲနှင့် ပြည်သူ မြိတ်မြို့ပေါ်တွင် ပူးပေါင်း ဖမ်းဆီး


                  

မြိတ်မြို့ပေါ် ရပ်ကွက်များအတွင်း မော်တော်ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ သွားလာကာ ညပိုင်း အချိန်များတွင် လမ်းသွား လမ်းလာများ၊ မော်တော်ဆိုင်ကာ စီးနင်းသူများအား အကြောင်းမဲ့ ဓားဖြင့် လမ်းသရဲ ဆန်ဆန် လိုက်လံ ခုတ်ထစ်နေသည့် လူငယ်(၇) ဦးအား မြိတ်မြို့ ရဲတပ်ဖွဲ့ဝင်များ ၊ အုပ်ချုပ်ရေးမှူးများ ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ၀ိုင်းဝန်း ပူးပေါင်း ပိတ်ဆို့ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့ ည (၁၁)နာရီခွဲ အချိန်ခန့်တွင် လူငယ် တစ်အုပ်သည် မော်တော်ဆိုင်ကယ်များဖြင့် မြိတ်မြို့အတွင်း နောက်လယ်ရပ်ကွက်မှ စတင်ကာ လမ်းသွားလမ်းလာများ၊ မော်တော်ဆိုင်ကယ်စီးနင်း သူများအား ၄င်းတို့တွင် အဆင်သင့် ပါလာသည့် ဓားများဖြင့် မော်တော် ဆိုင်ကယ် စီးနင်းပြီး လိုက်လံ ခုတ်နေကြောင်း သတင်းအရ ပူးပေါင်း အဖွဲ့မှ ဖမ်းဆီးရာ သက်ပိုင်ဦး အသက် (၁၇)နှစ်၊ ကျော်စိုးထွန်း အသက် (၁၉)နှစ်၊ အာကာစိုး အသက် (၁၇)နှစ်၊ အောင်ဇင်မိုး အသက် (၁၈)နှစ်၊ အောင်သူရပိုင် အသက် (၁၈)နှစ် ၊ အားမာန်ပြည့် အသက် (၁၇)နှစ်၊ ကျော်ရန် အသက် (၁၆)နှစ်၊ တို့အား ၄င်းတို့ ကိုင်ဆိုင်ထားသည့် ဓားများနှင့်အတူ ပိတ်ဆို့ ဖမ်းဆီး နိုင်ခဲ့သည်။

အဆိုပါ ဓားဖြင့် လိုက်ခုတ်သည့် လူငယ်များအား မြိတ်မြို့မ ရဲတပ်ဖွဲ့စခန်းမှ ဖမ်းဆီးထိန်းသိမ်းကာ (ပ) ၄၉၈/၂၀၁၃၊ ပြစ်မှုပုဒ်မ - ၂၃၆/၂၉၄/၁၁၄ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

မြိတ်ပုလဲမြေ 

LinkWithin

Related Posts Plugin for WordPress, Blogger...