Monday, August 5, 2013

တက္ကသိုလ်ဝင်ခွင့်အတွက် ရပ်ကွက်နှင့် ရဲစခန်း ထောက်ခံစာမလိုတော့


                 

ရန်ကုန်- တက္ကသိုလ်ဝင်ခွင့် လျှောက်ထားမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်ရဲစခန်းတို့မှ ရယူတင်ပြရသည့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာ မလိုတော့ကြောင်း သတင်းရရှိသည်။

နိုင်ငံရေးကင်းရှင်းကြောင်း နှင့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရဲစခန်းထောက်ခံချက် တင်ပြရမည့် သတ်မှတ်ချက်နှင့် အဝေးသင်တက္ကသိုလ် တက်ရောက်မည့် ကျောင်းသားများအတွက် ရပ်ကွက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာတင်ပြရန် သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

ရဲစခန်းနှင့် ရပ်ကွက်ထောက်ခံချက်ရယူရခြင်းသည် တက္ကသိုလ်ကျောင်းလျှောက်ထားမှုတွင်သာမဟုတ်ဘဲ ပုဂ္ဂလိကကုမ္ပဏီများတွင် အလုပ်လျှောက်ထားရာ၌ င် ထည့်သွင်းတင်ပြရသည့် အစဉ်အလာဖြစ်နေသည်။ ယင်းကဲ့သို့ ထောက်ခံချက်များကို လိုအပ်ချက်တစ်ခုအဖြစ် ရယူနေရခြင်းအပေါ် ဝေဖန်မှုများစွာလည်း ရှိနေခဲ့သည်။ ယခုနှစ်တွင် သတ်မှတ်ချက်အသစ်အနေဖြင့် အသက်မွေးဝမ်း ကျောင်းတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများနှင့် ၀ိဇ္ဇာ၊ သိပ္ပံအထူးပြု ဘာသာရပ်အချို့သို့ ၀င်ခွင့်လျှောက်ထားသော ကျောင်းသားများသည် နိုင်ငံသားဖြစ်ရန် လျှောက်ထားဆဲဖြစ်ပါက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ ထောက်ခံစာမူရင်းကို ပူးတွဲတင်ပြရန် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

“အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာတင်ပြရမယ့်သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်တယ်။ ဒါပေမဲ့ အသက်မွေးဝမ်းကျောင်းတက္က သိုလ်နဲ့ သတ်မှတ်ထားတဲ့ ၀ိဇ္ဇာ၊ သိပ္ပံဘာသာရပ်ကို တက်ရောက်မယ့် ကျောင်းသားအနေနဲ့ နိုင်ငံသားမှတ်ပုံတင်လျှောက်ထားဆဲဆိုရင် ထောက်ခံစာမူရင်း ပူးတွဲတင်ပြရပါမယ်”” ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လာမည့် ပညာသင်နှစ်မှစ၍ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများနှင့် ၀ိဇ္ဇာ၊ သိပ္ပံအထူးပြု ဘာသာရပ်အချို့အတွက် မြန်မာနိုင်ငံသားများကိုသာ ပိုမိုစိစစ်ကြပ်မတ်၍ ၀င်ခွင့်လက်ခံသွားရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

7Day News Journal 

၈ လေးလုံးအမှတ်တရ ဆရာကြီးဝင်းဖေရဲ့ပန်းချီကား ၂၈ သိန်းနဲ့ လေလံဆွဲ


            

စွယ်စုံရအနုပညာရှင် ဆရာကြီးဦးဝင်းဖေရဲ့ ၈ လေးလုံး အရေးတော်ပုံ ၂၅ နှစ် ပြည့်ငွေရတု အခမ်းအနားအတွက် အမှတ်တရ ရေးဆွဲထားတဲ့ ပန်းချီကားကို ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ လေလံတင်ရောင်းချခဲ့ ပါတယ်။ လေလံအောင်သွားတဲ့ သူကတော့ ပန်းချီတွေ အမှတ်တရ သိမ်းဆည်းလေ့ရှိတဲ့ ပန်းချီ ၀ါသနာရှင် ကိုထက်အောင် ဖြစ်ပါတယ်။ သူက ဒီ ပန်းချီကားကို ငွေကျပ် ၂၈ သိန်းနဲ့ လေလံအောင်ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။

စွယ်စုံရ အနုပညာရှင် ဆရာကြီးဦးဝင်းဖေရဲ့ ၈ လေးလုံး အရေးတော်ပုံ ၂၅ နှစ် ပြည့်ငွေရတု အခမ်းအနားအတွက် အမှတ်တရ ရေးဆွဲထားတဲ့ ပန်းချီကားကို ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ လေလံတင်ရောင်းချခဲ့တာပါ။
တော်ဝင်နှင်းဆီ ခန်းမမှာပြုလုပ်တဲ့ ဒီ ၈၈ အမှတ်တရ ပန်းချီကားကိုတော့ ဘ၀ တလျှောက်လုံး ပန်းချီကားတွေ ကိုစုဆောင်းတဲ့ ကိုထက်အောင် က ငွေကျပ် ၂၈ သိန်း နဲ့ လေလံအောင်ခဲ့တာပါ။

အခုလို ဆရာဦးဝင်းဖေရဲ့ ပန်းချီကားကို လေလံဆွဲသူ ၁၅ ဦးကျော် ထဲကမှ အောင်မြင်ခဲ့တဲ့အတွက် အတိုင်းမသိ ၀မ်းသာတယ်လို့ လေလံအောင်သူ ကိုထက်အောင်ကပြောပါတယ်။

“ငယ်ငယ်လေးကတည်းကကို ဒီပန်းချီကားတွေကို ကျနော် သဘောကျတယ်။ ဒီလိုမျိုး ပန်းချီတွေကို ကျနော် သိမ်းလေ့သိမ်းထရှိတယ်။ ဒီနေ့ ကျနော် လေလံပွဲကိုရောက်တာ နည်းနည်းတော့ နောက်ကျတယ်။ ဒါပေမဲ့လည်း ကျနော် အချိန်မီတယ်ပေါ့နော်။ ပြီးတော့ ဒီ ၈ လေးလုံး ဆိုတာက ကျနော်တို့ ငယ်ငယ်ကတည်းက ဖြစ်နေခဲ့တယ်။ ခုချိန်ထိ ကျနော်တို့က ဒီ သမိုင်းကို ပြန် ဖော်ထုတ်တဲ့ပွဲလည်း ဖြစ်တယ်။ ဒီလိုပွဲမျိုးကို ကျနော်တို့တွေက လှူဒါန်းသင့်တယ်။ ဒီလိုပွဲကြီးကို ကျနော် ဒီပန်းချီကားကိုဝယ်ပြီး လှူဒါန်းရတဲ့အတွက် ၀မ်းလည်း ၀မ်းသာတယ်။ ဂုဏ်လည်းဂုဏ်ယူပါတယ်။”


ဒီကနေ့ အခမ်းအနားမှာတော့ ၈၈ မျိုးဆက်ကျောင်းသားတွေ ဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုပြုံးချို တို့လည်း တက်ရောက်ခဲ့ပါတယ်။
ပန်းချီဝါသနာရှင် တစ်ဦးဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်သားများအဖွဲ့ က ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင် က ၈၈ ဆိုတာ အားလုံးနဲ့သက်ဆိုင်ပြီးတော့ ဆရာဦးဝင်းဖေ ရဲ့ ပန်းချီ ကားဟာ ၈၈ နောက်ခံထားပြီး ရေးဆွဲတာကြောင့် တန်းဖိုး ဖြတ်ဖို့တောင် ခဲယဉ်းတယ်လို့ ပြောပါတယ်။

“အထူးသဖြင့် ဆရာကြီးက ဒီ ၈ လေးလုံး အရေးတော်ပုံမှာ တကယ် စိတ်ရောကိုယ်ပါ ပါခဲ့တဲ့ ဆရာကြီးဖြစ်တယ်။ နံပါတ် တစ်က။ နောက်ပြီးတော့ သူ့ရဲ့ အနုပညာစွမ်းအားကို ကောင်းကောင်း သိထားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရဲ့အဖေလက်ထက်ကတည်းက အထက်မြန်မာပြည်မှာဆိုရင် ထင်ရှားပြီးတော့ လူတိုင်းလေးစားရတဲ့ ပညာရှင်ဖြစ်တယ်။ စွယ်စုံရတဲ့ ဆရာကြီးဖြစ်တယ် ဆိုတာကိုလည်း ကျနော်တို့သိထားတယ်။ ဆိုတော့ သူ့လက်ရာဆိုရင် ကျနော်တို့ နဂိုကတည်းက တန်ဖိုးထားပြီးသား။ အဲဒီတော့ အထူးသဖြင့် ၈ လေးလုံးကို သရုပ်ဖော်တဲ့ပန်းချီကားဖြစ်တော့ ကျနော်တို့ ပိုပြီးတော့ တန်ဖိုးထားတာပေါ့ဗျာ။”

၈၈ လေးလုံးငွေရတု အခမ်းအနားတွေ ကျင်းပဖို့ ၂ ရက်အလိုမှာပဲ ၈ လေးလုံး အမှတ်တရ ငွေရတု မဂ္ဂဇင်းလည်း ထွက်ရှိလာခဲ့ပါတယ်။ အဲဒီ မဂ္ဂဇင်းမှာတော့ အခုလေလံတင်ရောင်းချခဲတဲ့ ဆရာ ဦးဝင်းဖေရဲ့ ပန်းချီ ကားနဲ့ပဲ မျက်နှာဖုံး ထွက်လာခဲ့တာ ဖြစ်ပါတယ်။

၈၈ ငွေရတု အခမ်းအနားမှာ အမှတ်တရ မဂ္ဂဇင်းထုတ်မယ်ဆို ကတည်းက ဒီ ပန်းချီကားကို ဆွဲပေးဖို့ ၈ လေးလုံး အမှတ်တရ ငွေရတု မဂ္ဂဇင်းအယ်ဒီတာတွေ က တောင်းခဲ့တဲ့အတွက် ဆရာဦးဝင်းဖေ က သီးသန့် ရေးဆွဲပေးခဲ့တာလို့ လည်း ဒီမဂ္ဂဇင်း ဖြစ်မြောက်ရေး တာာဝန်ယူခဲ့တဲ့ ဦးထွန်းဝင်းငြိမ်းက ပြောပါတယ်။

“ကျနော်တို့ကတော့ ၁၉၈၈ ခုနှစ်မှာ ဖြတ်သန်းခဲ့တဲ့၊ နိုင်ငံရေး အရ ဖြတ်သန်းမှုရှိခဲ့တဲ့၊ အနုပညာ လက်ရာအရ အားကောင်းတဲ့။ အဲဒီလိုဆရာတွေကို ကျနော်တို့ စဉ်းစားဖြစ်ကြပါတယ်။ အဲဒီအထဲကမှ ဆရာဦးဝင်းဖေကို ကျနော်တို့ ရွေးဖြစ်တာက ဆရာဟာ အနုပညာ ဖြတ်သန်းမှုအရရော၊ နိုင်ငံရေးဖြတ်သန်းမှု အရရော ကျနော်တို့ အားလုံး ငြင်းဖွယ်ရာမရှိတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်တဲ့အတွက် ကျနော်တို့ ရွေးဖြစ်တာပါ။”

၂၀၁၃ ခုနှစ်မှာ ငွေရတု တင်းတင်းပြည်ခဲ့ပြီဖြစ်တဲ့ ၈၈ အရေးတော်ပုံကြီး အမှတ်တရ အနေနဲ့ ဒီ သြဂုတ်လ ၆ ရက်နေ့က ၈ ရက်နေ့အထိ မရမ်းကုန်း မြို့နယ်မှာရှိတဲ့ MCC ခန်းမမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ငွေကျပ် သိန်းပေါင်း ၈၀၀ လောက် ကုန်ကျမယ့် ဒီ အခမ်းအနားအတွက် ရန်ပုံငွေ အနေနဲ့ ငွေကျပ် သိန်း ၉၀၀ လောက် ရရှိထားပြီး ဖြစ်တယ်လို့လည်း ဘဏ္ဍာငွေရှာဖွေရေး ကော်မတီက ပြောပါတယ်။

အခုလို လေလံတင်ပွဲမှာ ရောင်းချခဲ့တဲ့ ဒီ ၈ လေးလုံး သရုပ်ဖော် ပန်းချီကားကြီးကို ရေးဆွဲခဲ့တဲ့ စွယ်စုံအနုပညာရှင် ဆရာဦးဝင်းဖေကတော့ သူ့အနေနဲ့ ဒီပန်းချီကားကို ရေးဆွဲရတာ အခက်ခဲဆုံးလို့ ဆိုခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်က ၈ လေးလုံး အခြေအနေကိုရော၊ လက်ရှိ ပြုပြင်ပြောင်းလဲ လာနေတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေကိုပါ ထည့်သွင်းစဉ်းစားပြီး ရေးဆွဲ ခဲ့ရတာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ အပြည့်အစုံကိုတော့ စွယ်စုံအနုပညာရှင် ဆရာဦးဝင်းဖေကို မဆုမွန် က ဆက်သွယ်မေးမြန်းထားပါတယ်။

၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးက အခုဆိုရင် ၂၅ နှစ်မြောက် ပြည့်လာခဲ့ပြီးတော့ ငွေရတု အခမ်းအနားတခုကိုလည်း ကျင်းပနိုင်ပြီပေါ့နော်။ အဲဒီမှာ ဆရာ ဦးဝင်းဖေ အနေနဲ့ အနုပညာနဲ့ ၈ လေးလုံးရဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးကို ခြယ်မှုံးပြသတဲ့အခါမှာ ဘယ်လို အနုပညာခံစားချက်တွေ၊ ဘယ်လို အတွေးအမြင်တွေနဲ့ ရေးဆွဲဖြစ်ခဲ့ပါသလဲ ဆိုတာကို ပြောပြပေးပါရှင်။

“ဒီလိုဗျ။ ၈ လေးလုံးနဲ့ပတ်သက်လို့ ကျနော့်မှာ စိတ်ကူးစိတ်သန်း ခံစားချက်၊ သတိရတာတွေ၊ တွေးတာခေါ်တာတွေ အများကြီးပဲ။ ဒါပေမဲ့ အဲဒီအများကြီးကို ကျနော်က ပြွတ်သိပ်ပြီးတော့ စဉ်းစားပြီးတော့ လုပ်လို့ကိုင်လို့မရဘူး။ ကျနော့်အနေနဲ့ ပြဿနာက ဒီနေ့ မြန်မာပြည်မှာ ပြုပြင် ပြောင်းလဲရေးတွေကို ကြိုးစားပြီးတော့ လုပ်နေတယ်။ လုပ်နေတော့ အဲဒီအခြေအနေတွေကို ထည့်တွေးပြီးတော့ ကျနော်က ရေးရပါတယ်။ ကောင်းရာကောင်းကြောင်း ကျနော်ထင်တိုင်း ကျနော် စိတ်ထဲမှာခံစားချက်တွေ ရှိတိုင်း ကောက်ရေးလို့ မရပါဘူး။ ဒီ ၈ လေးလုံး ပန်းချီကား ဟာ အဲဒီနေရာမှာ ကျနော့်အတွက် အခက်ခဲဆုံးပါပဲ။ ကျနော်ရှိတဲ့ အခြေအနေလေးကို ထိန်းသိမ်းပြီးတော့၊ အခုရောက်နေတဲ့ နိုင်ငံရေးအခြေအနေကို၊ နိုင်ငံရေးအခြေအနေက ကောင်းတာလည်း မဟုတ်ဘူး။ မကောင်းတာလည်း မဟုတ်ဘူး။ စောင့်နေရတဲ့အခြေအနေ။ အဲဒီအခြေအနေလေးကို ကျနော် ထိန်းသိမ်းပြီးတော့ ဒီဟာကိုရေးရပါတယ်။ ဒါ ကျနော့် ခံစားချက်ပါပဲ။”

အခု ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးမှာဆိုရင်လည်း ဆရာတို့က ကိုယ်တိုင်ဖြတ်သန်းခဲ့တဲ့ အနုပညာရှင်တွေလည်း ဖြစ်ပါတယ်။ အဲဒီတော့ အသက်သွေးတွေ၊ ချွေးတွေ ပေးဆပ်ခဲ့ရတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေနဲ့ ပတ်သက်ပြီးတော့ ၂၅ နှစ်အကြာမှာ ဆရာ့ရဲ့ စိတ်ခံစားချက် ဘယ်လိုများရှိသလဲ ဆိုတာလည်း ပြောပြပေးပါရှင်။

“ဒါတွေက အလွန်ကို ထူးခြားတဲ့၊ ပြောင်မြောက်တဲ့၊ ဇွဲနပဲကြီးတဲ့ လုပ်ရပ်တွေပါ။ လွယ်လွယ်ကူကူနဲ့ လုပ်လို့မရပါဘူး။ ဒါတွေက အခြေအနေကိုက ဒီလိုမှ ဆန္ဒမပြရင်မဖြစ်ဘူး ဆိုတဲ့ ဆိုးရွားတဲ့အခြေအနေတွေကြောင့် ထပြီးတော့ လုပ်ကြရတာ။  လွယ်လွယ်ကူကူနဲ့ ထပြီးတော့ အကြမ်းပတမ်းတွေ လုပ်တာ မဟုတ်ပါဘူး။ သို့သော် တဘက်က ဖိနှိပ်တဲ့ ကြမ်းတမ်းတဲ့သူတွေ အတွက်ကတော့ လိုအပ်တာထက် အများကြီးပိုပြီးတော့ ချေလွန်လက်လွန် လုပ်ခဲ့တယ်လို့ ကျနော် မြင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ ဒါတွေက တိုင်းပြည်မှာ လိုအပ်တော့ သမိုင်းပေးအခြေအနေအရ ဖြစ်ပေါ်လာတယ်။ အလွန်ကျေကွဲစရာကောင်းတယ်။ ကျနော်တို့ ကိုယ်တိုင် မျက်မြင်ကိုယ်တိုင် ပါဝင်ပြီးတော့ ဦးဆောင်ခဲ့ရတဲ့ကိစ္စတွေပါ။ ဒါတွေဟာ သမိုင်းက သင်ခန်းစာယူပြီးတော့ နောက် ဘယ်တော့မှမဖြစ်ရအောင် နှိပ်စက်တားဆီးတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ နောက် ဘယ်လိုလူတွေတက်လာမယ်မထင်ဘူး။ အဲဒီတာဝန်ကို။ ဒီလိုဟာမျိုး ဘယ်တော့မှ မဖြစ်ရအောင် သင်ခန်းစာကောင်းကောင်း ယူကြရမယ့်ကိစ္စတွေပါလို့ ကျနော် ပြောချင်ပါတယ်။”

အခု ဆရာ့ရဲ့ အနုပညာလက်ရာကို မြတ်နိုးတဲ့လူတယောက်ကနေ ၀ယ်ယူသွားတယ်လို့လည်း သိရပါတယ်။ အဲဒီတော့ ဒီလိုမျိုး အမှတ်တရအနေနဲ့ ၀ယ်ယူသွားတဲ့အခါမှာ ဆရာခုနက ပြောသလိုပေါ့ ဒီရဲ့ပုံရိပ်တွေ ဟာ နောင်လာနောင်သားတွေအတွက် ဘယ်လို စိတ်ခံစားမှုတွေ၊ ဘယ်လိုအမှတ်ရစရာတွေ ဖြစ်လာစေမလဲ ဆိုတာကိုလည်း ဆရာ စကားလက်ဆောင် ပေးပါဦးရှင်။

“ကျနော် တတ်နိုင်သမျှ ၈ လေးလုံးငွေရတုကို သတိရစေအောင် မြန်မြန် မြင်အောင် ကျနော် ကြိုးစားပြီးတော့ ဆွဲပါတယ်။ မြင်တာနဲ့တပြိုင်နက် ၈ လေးလုံးကို သတိရမယ်။ မြင်တာနဲ့ တပြိုင်နက်၊ တွေ့တာနဲ့တပြိုင်နက် ၈ လေးလုံးကို ဂုဏ်ပြုတယ်ဆိုတာကို သိစေရမယ်။ ဒါ ကျနော် တတ်နိုင်သလောက်လေး လုပ်တာပေါ့လေ။ ကျနော့်မှာလည်း ခံစားချက်နဲ့ လုပ်တာ။ အဲဒီတော့ ကျနော် ၀မ်းအသာဆုံးကတော့ ဂုဏ်ယူဆုံးကတော့ ကျနော် ဒီအထဲမှာ ပါဝင်ပြီးတော့၊ တတ်နိုင်သမျှ ကူညီခွင့်ကလေးရတာ၊ ကူညီခွင့်ကလေးပေးတာ ကျနော့်ကို ကော်မတီကနေ ဖြစ်နိုင်ရင်ကူညီပါလို့ တောင်းဆိုတာ။ ကျနော်ကလည်း ကြိုးစားကြည့်ပါမယ်။ ခင်ဗျားတို့သုံးနိုင်ရင် သုံးပါ။ မသုံးနိုင်ရင်များ ကျနော့်ကို မငဲ့ပါလေနဲ့။ မသုံးဘဲထားပါ။ ကျနော် အဲဒီကတိတောင်းပြီးတော့ ကျနော်ပေးတာပါ။ သူတို့ သုံးနိုင်လို့သုံးတယ် ဆိုတဲ့အတွက် ကျနော်က သိပ်ဝမ်းသာရပါတယ်။ ကျနော့်မှာ ဂုဏ်တက်ပါတယ်။ ကျနော် ဂုဏ်ယူပါတယ်။”

အောင်ရဲ မောင်မောင်, မဆုမွန် (ဗွီအိုအေ) 

Monday, August 5, 2013 ရန်ကုန်-နေပြည်တော် ပွဲပျက် ရန်ကုန် ဘောလုံးသမား အချို့ ဒဏ်ရာရ


            

ရန်ကုန်၊ သြဂုတ် ၎

SEA Games အတွက် တည်ဆောက်ထားသည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိ ကွင်းတွင် ကျင်းပသည့် နေပြည်တော်နှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့ ၏ မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် ကစားပွဲတွင် လုံခြုံရေး အားနည်းမှုကြောင့် ကွင်းအတွင်း ပရိသတ်များ ဝင်ရောက်လာသဖြင့် ပွဲချိန် မိနစ် ၃၀ တွင် ဆက်မကစားနိုင်ဘဲ ပွဲပျက်သွားကာ ရန်ကုန် ကစားသမား အချို့လည်း ထိခိုက် ဒဏ်ရာရကုန်ကြောင်း ပွဲကြည့် ပရိသတ်များထံမှ စုံစမ်း သိရှိရသည်။

မြန်မာ နေရှင်နယ်လိဂ်၏ ချန်ပီယံ အဖြေထွက်ပြီး အရှုံး အနိုင် အရေးမပါဘဲ ဂုဏ်သိက္ခာအတွက်သာ ယှဉ်ပြိုင်ကြသည့် ယင်းပွဲတွင် ပွဲကစားချိန် မိနစ် ၃၀ ခန့်၌ နေပြည်တော်အသင်း ပင်နယ်တီ ပေးခံရ၍ ရန်ကုန် ယူနိုက်တက် ဂိုးသွင်းပြီးနောက် နေပြည်တော် ပရိသတ် အချို့ ကွင်းထဲ ဝင်ရောက်လာကာ ဒိုင်လူကြီးနှင့် ရန်ကုန် ကစားသမားများအား ရန်ပြုသောကြောင့် ပွဲပျက် ခဲ့ကြောင်း ပွဲကြည့် ပရိသတ် တစ်ဦးက ပြောကြားသည်။

နေပြည်တော် ပရိသတ် အချို့သည် ခုံများ၊ ဖိနပ်များ၊ ရေဘူးများဖြင့် ပစ်ပေါက်ခဲ့ပြီး ရန်ကုန် ကစားသမား ရန်အောင်ကျော် ဦးခေါင်းတွင် ဒဏ်ရာ ရရှိသကဲ့သို့ ကြည်လင်းလည်း လက်သီးနှင့် ထိုးနှက်ခံရကြောင်း၊ ည ၇ နာရီ ၃၅ မိနစ်အထိ ကွင်းထဲမှ မထွက်နိုင်သေးကြောင်း အမည်မဖော်လိုသူ ရန်ကုန် ပရိသတ် တစ်ဦးက ပြောကြားသည်။

SEA Games အတွက် ပြင်ထားသည့် ပရိသတ် ၃၀၀၀၀ ဆံ့ ကွင်းတွင် ကျင်းပသည့်ပွဲ ဆိုသော်လည်း လုံခြုံရေး အားနည်းမှုကြောင့် ပရိသတ်များ ကွင်းထဲအထိ ဝင်ရောက်လာကြောင်း ယင်းပွဲသို့ ရန်ကုန် ပရိသတ် နှစ်ထောင်ခန့်နှင့် နေပြည်တော် ပရိသတ် နှစ်သောင်းခန့် လာရောက် ကြည့်ရှုကြောင်း ၎င်းက ဆိုသည်။

နေပြည်တော်နှင့် ရန်ကုန် ပွဲပျက်သွားကြောင်း ဆုပေးပွဲကိုမူ ဆက်လုပ်မည်၊ မလုပ်မည် မသေချာသေး ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးစိုးမိုးက ည ၇ နာရီ ၂၁ မိနစ်တွင် အတည်ပြု ပြောဆိုသည်။

မြန်မာ နေရှင်နယ်လိဂ်သည် ပြိုင်ပွဲပြီးရန် တစ်ပွဲအလို ပွဲစဉ် ၂၁ တွင် ချန်ပီယံ အဖြေ ထွက်ခဲ့ကာ ရန်ကုန် ယူနိုက်တက် အသင်းသည် သုံးနှစ်ဆက်တိုက် ချန်ပီယံ ဖြစ်ခဲ့ပြီး နေပြည်တော်အသင်းမှာ အာရှ ဘောလုံးအဖွဲ့ချုပ် ဖလား ပြိုင်ပွဲ ဝင်ခွင့် ရရှိထားပြီး ဖြစ်ကြောင်း၊ ယနေ့ ပွဲ အရှုံးအနိုင် အရေးမပါသည့် အချိန်တွင် ပွဲရပ်နားသည်အထိ ဖြစ်ပျက်ခဲ့ခြင်းမှာ လာမည့် SEA Games အတွက် ပြင်ဆင်စရာ ရှိသည်များ ပြင်ဆင်ရန် သင်ခန်းစာ ယူစရာ ဖြစ်သည် ဟု ရုပ်မြင်သံကြားမှ ယင်းပွဲကို စောင့်ကြည့်သူ တစ်ဦးဖြစ်သည့် ဦးသာ ၅၃ နှစ်က ပြောကြားသည်။

“မြန်မာ ပရိသတ်တွေ မရင့်ကျက်သေးဘူး။ နိုင်မှ ဂုဏ်သိက္ခာရှိတာ မဟုတ်ဘူး၊ ရှုံးလည်း အရှုံးကို လက်ခံရင် သိက္ခာမကျဘူး ဆိုတာမျိုး ပညာပေးဖို့ လိုတယ်။ တော်ကြာ အမျိုးသား ဂုဏ်သိက္ခာ ကျမယ်” ဟု ၎င်းက အကြံပြု ပြောဆိုသည်။

The Voice Weekly 

အီးမေးလ်မှ အလုပ် စလျှောက်နိုင်


                     

ရန်ကုန်၊ သြဂုတ် ၎

ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း တင်ဒါ အောင်မြင်ထားပြီး လိုင်စင် ရရှိရန် စောင့်ဆိုင်းနေ သော ပြည်တွင်း ဝန်ထမ်း ၉၉ ရာခိုင်နှုန်း ခန့်အပ်မည် ဟု ပြောကြားထားသည့် တယ်လီနော မြန်မာ ကုမ္ပဏီသည် လာမည့် သီတင်းပတ် တစ်ပတ်မှ နှစ်ပတ်အတွင်း ဝန်ထမ်းများ စတင် ခေါ်ယူ မည် ဖြစ်ကြောင်းနှင့် ကြိုတင် လျှောက်ထားလိုသူများ အီးမေးလ်မှ တစ်ဆင့် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း တယ်လီနော မြန်မာထံမှ စုံစမ်း သိရှိရသည်။

အလုပ် လျှောက်ထားရန် စိတ်ပါဝင်စားမှု များပြားနေသောကြောင့် ကြိုတင် လျှောက်ထားလိုသူများ hr.myanmar@telenor.com သို့ Email မှတစ်ဆင့် ကိုယ်ရေး အချက်အလက်များ ပေးပို့ထားနိုင်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

“ဝန်ထမ်းခေါ်မယ်လို့ ကြေညာပြီးကတည်းက တစ်နေ့ကို လေး၊ ငါး၊ ဆယ်ယောက်လောက် နေ့တိုင်း ဖုန်းဆက် စုံစမ်းကြတယ်။ လက်ရှိ မှာတော့ ခေါ်ဖို့ စပြင်ဆင်နေပါပြီ။ လာမယ့် တစ်ပတ် နှစ်ပတ်အတွင်း
မှာ စခေါ်မယ်” ဟု တယ်လီနော မြန်မာ၏ မီဒီယာ တာဝန်ခံ ဒေါ်မွန်မြတ်သူ က ပြောကြား သည်။

တယ်လီနော မြန်မာ ကုမ္ပဏီတွင် အမှုဆောင် အရာရှိချုပ်အဖြစ် ခန့်အပ်ခြင်း ခံထားရသော Mr.Petter Furberg က သြဂုတ်လအတွင်း ဝန်ထမ်း ခေါ်ယူမှု များ စတင်မည်ဟု ဇူလိုင်လ ၁၇ ရက်နေ့က ပြောကြားခဲ့သည်။

တယ်လီနော ကုမ္ပဏီက ပြည်တွင်းတွင် ထူထောင် လုပ်ကိုင်မည့် ကုမ္ပဏီ၌ တာဝန် ထမ်းဆောင်မည့် ပြည်တွင်း ပြည်ပ ဝန်ထမ်းများကို လက်ရှိ လိုအပ်ချက်ပေါ် မူတည်၍ ခန့်အပ်မည့် ဝန်ထမ်း ပမာဏကို သတ်မှတ်သွား မည် ဖြစ်ကြောင်း ယင်း ကုမ္ပဏီထံမှ သိရသည်။

တယ်လီနောက မြန်မာနိုင်ငံတွင် တာဝန်ယူ စီမံ ခန့်ခွဲမည့် အမှုဆောင် အရာရှိချုပ်နှင့် အမှုဆောင် အဖွဲ့ကို ဇူလိုင်လအတွင်းက ကြေညာခဲ့သည်။

ခန့်အပ်ခံရသော ဝန်ထမ်းများ အရည်အသွေး မြှင့်တင်ရန် လေ့ကျင့် သင်ကြားပေးမှုများကို တာဝန် ထမ်းဆောင်နေစဉ် ကာလ အတွင်း ပြုလုပ်ပေးမည်ဟု ၎င်းက ဆိုသည်။

ပြည်တွင်း ဝန်ထမ်း ၉၉ ရာခိုင်နှုန်း ခန့်အပ်မည်ဟု ပြီးခဲ့သော ဇူလိုင်လ ၁၀ ရက်နေ့က နေပြည်တော် တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားထားသည်။

“တယ်လီနောပိုင်တဲ့ ထိုင်းက dtac အကြောင်း လေ့လာကြည့် တယ်။ တော်တော်လေး ကောင်းတယ်ဗျ။ အဲဒါကြောင့် အခု CVကို Email ပို့ထားတယ်” ဟု ၂၀၁၁ ခုနှစ်တွင် နည်းပညာ တက္ကသိုလ်မှ ဘွဲ့ ရရှိထားသူ ဦးညီညီဝင်းက ပြောဆိုသည်။

တယ်လီနော ကုမ္ပဏီသည် လိုင်စင် ရရှိပြီး ရှစ်လ အကြာတွင် မိုဘိုင်းလ် ဝန်ဆောင်မှုများ စတင်မည် ဖြစ်ပြီး ဆင်းကတ် အရောင်းဆိုင်ပေါင်း ခုနစ်သောင်းကျော်နှင့် ငွေဖြည့်ကတ် အရောင်းဆိုင်ပေါင်း ကိုးသောင်းကျော် ဖွင့်လှစ်မည် ဖြစ်ကြောင်း ကြေညာထားသည်။

The Voice Weekly 

အွန်လိုင်းမှတစ်ဆင့် ၁၅၀၀ တန် GSM မိုဘိုင်းဖုန်းများ အတွက် တိုက်ရိုက်ငွေဖြည့် သွင်းနိုင်ရန် ဆောင်ရွက်


              

အသစ်ထွက်ရှိသော ၁၅၀၀ တန် GSM မိုဘိုင်းဖုန်းများကို အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ငွေဖြည့်သွင်းနိုင်ရန် စတင်ဆောင်ရွက် လိုက်ကြောင်း သိရသည်။

www.topup.com.mm ဝက်ဘ်ဆိုက်မှ တစ်ဆင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အဆိုပါ ဝက်ဘ်ဆိုက်အနေဖြင့် GSM, WCDMA, CDMA 800 MHz, CDMA 450 MHz ဖုန်းများအား အွန်လိုင်းမှ ငွေဖြည့်သွင်းနိုင်ရန် ဆောင်ရွက်ခဲ့ရာမှ အသစ်ထွက်ရှိသော တန်ဖိုးနည်း GSM ဖုန်းများအတွက်လည်း ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။ GSM MEC Tel - CDMA 800 MHz မိုဘိုင်းကွန်ရက်အတွက် အဆိုပါ ဝန်ဆောင်မှု ရရှိဦးမည် မဟုတ်ကြောင်း၊ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပြီး ငွေဖြည့်သွင်းကာ ငွေပေးချေရန်အတွက် Myan Pay Online Payment Gateway အသုံးပြုထားကြောင်း Myan Pay ၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အွန်လိုင်းမှ ငွေဖြည့်သွင်းရာတွင် တစ်ခါတစ်ရံ၌ မိုဘိုင်းဖုန်းလိုင်းများ လိုင်းကျပ်၍သော်လည်းကောင်း၊ မိမိအသုံးပြုသောဖုန်းသည် ဆက်သွယ်ရေးဧရိယာပြင်ပသို့ ရောက်ရှိနေ၍သော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် အွန်လိုင်းမှ ငွေဖြည့်သွင်း၍ မရခြင်းမျိုး ဖြစ်ပေါ်နိုင်ကြောင်း၊ အဆိုပါအခြေအနေတွင် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော သို့မဟုတ် Email သို့ ရောက်ရှိလာသော Top Up Card အချက်အလက်ကို ကိုယ်တိုင်အသုံးပြု၍ ငွေဖြည့်သွင်းပေးရမည်ဖြစ်ကြောင်း www.topup.com.mm တွင် ဖော်ပြထားသည်။

Internet Journal 

8888 ရှစ်လေးလုံး အထိမ်းအမှတ် ပိုစတာကြီးမြိတ်မြို့တွင် ဖျက်ဆီးခံရ

                             


၂၀၁၃ ခုနှစ် ၊ သြဂုတ်၊ (၅)ရပ်နေ့၊ ယနေ့ မနက် တွင် မြိတ်မြို့ လူစည်းကားရာ ဗိုလ်ချုပ် ကြေးရုပ်ဘေးတွင် ချိတ်ဆွဲထားသော ၈၈၈၈ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ဖိတ်ကြားချက် ပိုစတာကြီးအား ဖျက်ဆီး ဖြုတ်ယူ သွားတာ  ခံလိုက်ရပါသည်။

" ကျနော်အမြင်က ဒါ ကျွန်တော်တို့ သာမာန် ပြည်သူထဲက မကျေနပ်ချက်ရှိတဲ့သူ လက်ချက် မဟုတ်လောက်ဘူးဗျ။ လုပ်ရင်လည်း ဆုတ်ဗြဲတာတို့ လုပ်မှာပါ။ အရူးလဲ မလုပ်ပါဘူး၊ ရှင်းရှင်းပြောရရင်ဗျာ.... ဒီမိုကရေစီ လိုချင်တဲ့ ပြည်သူတွေထဲက လုံးဝမဟုတ်ဘူး။ အရမ်းလဲ ဝမ်းနည်းပါတယ်... ကျနော်တို့ ဒီမိုကရေစီဆိုတဲ့ စကားလုံး ၈၈ ရောက်မှ ကြားဖူးခဲ့တာပါ။ "  ပိုစတာ ချိတ်ဆွဲထားသည့် အနီးမှာ နေထိုင်သူ ပြည်သူတစ်ဦး၏ ရင်ဖွင့်သံပါ။

မြိတ်ခရိုင် ရှစ်လေးလုံး ငွေရတု ကျင်းပရေး ကော်မတီဝင် တစ်ဦးကတော့ "  ဒါ ရည်ရွယ်ချက်ရှိရှိ လုပ်သွားတာပါ။ လုပ်သွားတဲ့ သူတွေဟာ ဒီမိုကရေစီကို လုံးဝ မလိုတဲ့သူပါ။ သမိုင်းအမှန်ပေါ်ပေါက်မှာ မလိုလားတဲ့ လက်ပါးစေတွေရဲ့ မပြုအမူမျိုးတွေပါ။ လက်ခံနိင်စရာမရှိပါဘူး  အရေးအခင်းကာလမှာ သေဆုံးသွားတဲ့ သူတွေကို စော်ကားသလို ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်နေတဲ့ နိင်ငံတော် အစိုးရကိုလည်း စော်ကားတာဖြစ်တယ်၊ သက်ဆိုင်ရာက အသေချာ စုံးစမ်း ပေးနေပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒါ  ဒီမိုကရေစီ အင်အားစုတွေနဲ့ လက်ရှိ အုပ်ချုပ်ရေးအဖွဲ့ကြား အပြန်အလှန် နားလည်မှုရှိရှိ မြိတ်မြို့ တည်ငြိမ် အေးချမ်းရေး တည်ဆောက်တာကို  ဖျက်ဆီးဖို့ လုပ်ဆောင်တာဖြစ်တယ် လို့ သုံးသပ်ပါတယ်။ "

ဒီနေ့ ညနေမှာ ပိုစတာချိတ်ဆွဲသည့်  နေရာတွင်  ပိုစတာ အသစ် ဆိုင်းဘုတ်ကြီး စိုက်ထူသွားမည်ဟု သိရပါသည်။

ko toke

Smart RAM Booster Pro v 1.9 for android(latest version)


 


                               
မင်္ဂလာပါခင်ဗျာ တော်ဝင်သစ္စာမိသားစုမှကြိုဆိုပါတယ် ကော်နက်ရှင်ကျနေတာ နဲ.မတင်ဖြစ်တာကိုခွင့်လွတ်ပေးပါခင်ဗျာ Android phone /Tablet တွေ အတွက် အသုံးဝင် ဆော့ဝဲလ်လေး Smart Ram Booster Pro v 1.9(latest version) update ထွက်ရှိလို့လာပါပြီ..  မိမိဖုန်းရဲ့ သွက်လက်မြန်ဆန်မှုကို စိတ် တိုင်းမကျသူတွေ မရှိမဖြစ်ဆောင်ထားသင့်တဲ့ဆော့ဝဲလ်လေးဖြစ်ပါတယ် ..1 click လုပ်ရုံနဲ့မိမိဖုန်း Ram ပိုမိုသွက်လက်လာအောင် စွမ်းဆောင်ပေးမှာဖြစ်တဲ့ အပြင် 1click Cache feature လည်းပါဝင်လာတာကြောင့်  Cache cleaner လိုဆော့ဝဲလ် မျိုးမလုပ်တော့ ဘဲ တစ်ချက်ခုတ်နှစ်ချက်ပြတ်ကာ မိမိဖုန်းအတွက်လည်း အမှန်တကယ် အကျိုးရှိစေတဲ့ ဆော့ဝဲလ်ကောင်းလေးဖြစ်ပါတယ် ..အားရင်အားသလို တို့ထိ ပေးခြင်းအားဖြင့် မိမိဖုန်း Ram free ပိုရလာမှာဖြစ်ပြီးTheme Slector ကိုလည်း မိမိကြိုက်တဲ့ Design နဲ့ ဖုန်းပေါ်မှာ ထားရှိ အသုံးပြုနိုင်ကာ Widget မှာလည်း ထားသုံးနိုင်မှာဖြစ်ပါတယ် ….Boosting Level လေးမျိုးပါဝင်မှာဖြစ်ပြီး လွယ်လွယ် ကူကူ အသုံးပြုလိုသူတွေ အတွက်တော့  noti မှာထားပြီး Click လုပ်ပေးနိုင်တာကြောင့် Android phone /Tablet ကိုင်ဆောင်သူတိုင်း မိမိဖုန်း/Tablet သွက်လက်မြန်ဆန်လိုပါက  လက်မလွှတ်သင့်တဲ့ ဆော့ဝဲလ် ကောင်းလေးဖြစ်ပါတယ်. အသုံးပြုချင်ရင်တော့ အောက်ကလင်ခ်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ

အသုံးပြုချင်ရင်ဒီနေရာ DOWNLOAD မှာဒေါင်းပါခင်ဗျာ


LinkWithin

Related Posts Plugin for WordPress, Blogger...